သြစတြေးလျအိုးပင်း တင်းနစ်ချန်ပီယံဆုကို ဂျိုကိုဗစ် ၁၀ ကြိမ်မြောက် စံချိန်တင်ရယူ

ဆားဘီးယား ထိပ်တန်းတင်းနစ်ကစားသမား နိုဗက်ခ်ဂျိုကိုဗစ်ဟာ ဂရိတင်းနစ်အကျော်အမော် စတက်ဖနို စီစီပက်စ်ကို ဇန်နဝါရီ ၂၉ ရက်က သြစတြေးလျအိုးပင်း ဖိုင်နယ်ပွဲစဉ်မှာ အနိုင်ယူပြီး ၁ဝ ကြိမ်မြောက် သြစတြေးလျအိုးပင်း ချန်ပီယံဆုကို စံချိန်တင် ရယူနိုင်ခဲ့ပါတယ်။
ဒါဟာ ဂျိုကိုဗစ်အတွက် မဲလ်ဘုန်းမှာ ပြန်လည်စိုးမိုးနိုင်မှုဖြစ်ပေမဲ့ စီစီပက်စ် အနေနဲ့ကတော့ သူ့ရဲ့ ဂရန်းစလမ်း ချန်ပီယံအိပ်မက်ကို ချိုးဖျက်ခံလိုက်ရတာပါ။
၂၀၂၁ ခုနှစ်၊ ပြင်သစ်အိုးပင်း ဖိုင်နယ်ပွဲစဉ်မှာလည်း ရင်ဆိုင်ခဲ့ကြဖူးတဲ့ ဒီတင်းနစ်ကစားသမား ၂ ဦးမှာ ဂျိုကိုဗစ်က ရော့ဒ်လေဗာအားကစားကွင်းအတွင်း တဖက်သတ် အသာစီးရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၃ နေရာက စီစီပက်စ်ကတော့ ၆-၃၊ ၇-၆(၄)၊ ၇-၆(၅) တို့နဲ့ ရှုံးနိမ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒီဂရန်းစလမ်းပြိုင်ပွဲ အကြိုကာလမှာပဲ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားခြင်းမရှိတဲ့ ဂျိုကိုဗစ်က သြစတြေးလျနိုင်ငံကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရပြီး တနှစ်အကြာမှာ ချန်ပီယံအောင်မြင်မှု ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။