close

ချင်းရိုင်းတွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ ဝိန်းပါပေါက်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁ ရက်က စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင် ချင်းရိုင်းမြို့ရှိ မော်တော်ကားအငှားကုမ္ပဏီတခုဟာ အမျိုးသား တယောက် သူတို့ဆီက ဖော်ကျူနာအဖြူရောင်ကား တစီးကို တရက် ဘတ် ၂,၀၀၀ နှုန်းနဲ့ ငှားသွားကြောင်း၊ သူဟာ ကားရတာနဲ့ အဆောတလျင် မောင်းထွက်သွားလို့ သင်္ကာမကင်း ဖြစ်တာကြောင့် အဆိုပါကားကို လိုက်ကြည့်ပေးဖို့ ရဲစခန်းကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အဆိုပါကားကို လိုက်လံရှာဖွေရာမှာ ဝိန်းပါပေါက်မြို့နယ် ချင်းရိုင်း-ချင်းမိုင်သွား လမ်းမကြီးပေါ်က ဓာတ်ဆီဆိုင်တဆိုင်မှာ ရပ်နားထားတာ တွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကားငှားလာသူမှာ အသက် ၂၉ နှစ်အရွယ် ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ မုန့်တိုင်းရင်းသားတဦးဖြစ်ပြီး ဝိန်းပါပေါက်မှာ နေထိုင်ကြောင်း၊ ကားကိုစစ်ဆေးရာမှာတော့ နောက်ခန်းမှာ မြွေရေခွံအိတ်တွေထဲ ထည့်ထားတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၃,၂၀၀,၀၀၀ ကို တွေ့ရတာလို့ ဆိုပါတယ်။

သူ့ကို လိုအပ်သလို အရေးယူဖို့နဲ့ ကွင်းဆက်တွေ စုံစမ်းဖော်ထုတ်ဖို့ ချင်းရိုင်းခရိုင်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပြီး အမှတ် ၅ ခရိုင်ရဲဌာနချုပ် ရဲမှူးချုပ်ကိုယ်တိုင် သတင်းစာရှင်းပွဲ လုပ်သွားမယ်လို့ မယ်ဆိုင်ပရက်စ် သတင်းမှာ ဖော်ပြထားပါတယ်။

Up