ဖိလစ်ပိုင်က အမေရိကန်ကို စစ်အခြေစိုက်စခန်းများ တိုးချဲ့ခွင့်ပြု

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင် မနီလာကို လာရောက်ဆွေးနွေးခဲ့ပြီး နောက်မှာ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို သူ့ရဲ့စစ်အခြေစိုက်စခန်းတွေဆီ တိုးချဲ့ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောပါတယ်။
အငြင်းပွားတောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ အခိုင်အမာ နေရာယူလာမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တင်းမာမှုတွေကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ ၂၀၁၄ ခုနှစ်က တိုးမြှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (EDCA) အောက်မှာ ဝါရှင်တန်ကို နောက်ထပ်နေရာ ၄ ခုကို ဝင်ရောက်ခွင့်ပေးမှာဖြစ်ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
EDCA သဘောတူညီချက်ဟာ ပူးတွဲလေ့ကျင့်ရေး၊ ပစ္စည်းကိရိယာတွေကို ကြိုတင်နေရာချထားခြင်းနဲ့ ပြေးလမ်းတွေ၊ လောင်စာဆီသိုလှောင်မှုနဲ့ စစ်ဘက်အိမ်ရာတွေလို အဆောက်အဦတွေ တည်ဆောက်ခြင်းတို့အတွက် ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းတွေဆီ အမေရိကန် ဝင်ရောက်ခွင့်ကို ခွင့်ပြုထားပေမဲ့ အမြဲတမ်း တည်ရှိနေဖို့တော့ မဟုတ်ပါဘူး။
အော်စတင်နဲ့တွေ့ဆုံတဲ့ မနီလာရှိ စစ်စခန်းအပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေဟာ အမေရိကန်အလံကို မီးရှို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။
သူတို့တွေဟာ ကာကွယ်ရေးသဘောတူညီချက်တွေကို ရှုတ်ချပြီး ဒီလိုလုပ်ရပ်တွေဟာ ဒေသတွင်း တင်းမာမှုတွေကိုသာ တိုးမြင့်လာစေတယ်လို့ ဆိုပါတယ်။