မုံရွာတွင် စစ်တပ်နှင့် ပျူစောထီးများ ပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦး ဒဏ်ရာရ၊ ရွှေဘို တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခွဲလောက်က လက်နက်ကြီးနဲ့ နဂါးတွင်းရွာဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်လို့ အဘွားအိုတဦး ကျည်ထိမှန်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း အဆောက်အဦတလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာ အောင်ဆန်းဖို့စ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က “မနေ့ညကပစ်လို့ ရွာကလူတွေကတော့ အကုန်ထွက်ပြေးနေကြရတယ်။ ကျည်ထိမှန်တဲ့ အဘွားကတော့ အသက် ၈၈ နှစ်ရှိပြီဗျ။ ညာဘက်ရင်အုံကို ကျည်စထိတယ်။ ဆေးကုသပေးထားတယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရတော့ဘူး။ အဲ့အဘွားက နဂါးတွင်းရွာ ဘုန်းကြီးကျောင်း ဘေးမှာနေတာ။ ဘုန်းကြီးကျောင်းပေါ်လည်း လက်နက်ကြီးကျပြီး အမိုးအကာ ပျက်စီးတာတွေလည်း ရှိတယ်။ ကြမ်းခင်းရယ် သမံတလင်းရယ်လည်း ပျက်စီးသွားတယ်” လို့ ေပြာပါတယ်။
တောပုရွာက ပျူစောထီးတွေဟာ အခုလို နေ့တိုင်းလိုလို ပစ်ခတ်လေ့ရှိပြီး ပစ်ခတ်တဲ့ အကြောင်းရင်းဟာ ပျူစခန်းအတွင်း စားစရာမရှိတာကြောင့် ဒေသခံ အနီးအနားကျေးရွာ ဒေသခံတွေ ကြောက်လန့်အောင် ပစ်ခတ်ပြီး ရွာသားတွေ ရွာထဲမရှိမှ ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ အကြိမ်ကြိမ်ယူရလေ့ရှိတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ဘုန်းဘွဲ့ကျေးရွာမှာ ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Black Wolf PDF အဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကျဆုံးခဲ့တဲ့သူတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်စုမှူးတဦးနဲ့ ရဲဘော် ၂ ဦးဖြစ်ပြီး လက်နက်ကြီးထိမှန်လို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာတင် ၂ ယောက်က ပွဲချင်းပြီး ကျဆုံးခဲ့သလို နောက်တယောက်ကတော့ ရရှိတဲ့ဒဏ်ရာတွေနဲ့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စားနပ်ရိက္ခာနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့လည်း တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံတွေ သောင်းနဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။