ပီရူးတွင် မိုးသည်းထန်ပြီး မြေပြို၊ လူ ၈ ဦး သေဆုံး

ပီရူးနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့လို့ နိုင်ငံတောင်ပိုင်း အာရီကီပါ ဒေသမှာ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားအရေးပေါ်ဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အဲဒီဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကာမာနာပြည်နယ်ရှိ ဆေကိုချာမြို့အနီးမှာ မြေပြိုမှုဖြစ်ပွားခဲ့ကာ နောက်ထပ် လူ ၅ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။
မြေပြိုကျမှုကြောင့် ထိခိုက်ခံရတဲ့ အမည်မသိ ဒေသခံတယောက်ကတော့ “ဒီမှာ အိမ်တွေမရှိတော့ဘူး။ တကယ့် သဘာဝဘေးအန္တရာယ်ကြီးပါ။ အလောင်းတွေ နေရာအနှံ့ ပြန့်ကြဲနေပြီးတော့ သေကုန်ကြပြီ” လို့ ပြောပါတယ်။
ဒုက္ခသည်မိသားစု ၁,၀၀၀ ကျော်ရှိပြီး သူတို့ထဲက ၉၀ ရာခိုင်နှုန်းရဲ့ နေအိမ်တွေက လုံးဝကို ပျက်စီးသွားတယ်လို့ မာရီယာနို နိကိုလပ်စ် ဗာလ်ကာဆဲလ် ခရိုင်က မြို့တော်ဝန် ဝီလီယမ် အယ်လ်ဗာရာဒိုက ပြောပါတယ်။
ဒေသခံမီဒီယာတွေကတော့ သေဆုံးသူဦးရေ ပိုများလာကြောင်း အစီရင်ခံကြပြီး ရိုက်တာကတော့ ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြောင်း ပီရူး အမျိုးသား အရေးပေါ်စင်တာ COEN က ပြောပါတယ်။
ပီရူးကာကွယ်ရေးဝန်ကြီးဌာနကလည်း ရဟတ်ယာဉ်တွေ၊ ရွက်ဖျင်တဲတွေ၊ ရေသယ်ယာဉ်တွေ၊ သဲအိတ်တွေနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဝန်ထမ်းတွေကို ပံ့ပိုးပေးပြီး ကူညီကယ်ဆယ်ရေးကို ပံ့ပိုးပေးနေကြောင်း တွစ်တာမှာ ပြောထားပါတယ်။
တောင်အမေရိကနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာ ၂ လလောက် ကြာလာချိန်မှာ ပီရူးနိုင်ငံတောင်ပိုင်း အန်ဒီယမ်ဒေသမှာ မြေပြိုမှုဖြစ်ပွားခဲ့တာပါ။