close

ပီရူးဆန္ဒပြပွဲ လူ ၆၀ ကျော် ထိခိုက်ဒဏ်ရာရ

ပီရူးနိုင်ငံအရှေ့တောင်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်းထန်တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ အတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား အချင်းဖြစ်ပွားခဲ့တာကြောင့် လူ ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အရှေ့တောင်ပိုင်း ပူနိုမြို့က ဟူလီယာကာ လေဆိပ်အနားမှာ ဒီဆန္ဒပြပွဲတွေ ပြန်ပေါ်ပေါက်လာခဲ့တာပါ။

ပီရူးကျန်းမာရေးဝန်ကြီးဌာနကတော့ ဇန်နဝါရီ ၄ ရက်ကနေ ၇ ရက်ကြား ဆန္ဒပြပွဲတွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူ ၆၇ ဦး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ပီရူးနဲ့ ဘိုလီးဗီးယားနိုင်ငံ နယ်စပ်နားက လေဆိပ်တခုကို သိမ်းယူဖို့ ပြီးခဲ့တဲ့ စနေနေ့က ကြိုးပမ်းခဲ့ကြတာပါ။

ဒါဟာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးခွဲရင်း ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။

ဟူလီယာကာလေဆိပ်ကို စီမံခန့်ခွဲနေတဲ့ ပီရူးအန်ဒီယန်းလေဆိပ်များအဖွဲ့ကလည်း “အကြမ်းဖက်လုပ်ရပ်တွေနဲ့ လုံခြုံရေးအားနည်းမှု” ကြောင့် ဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့ စနေနေ့က ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။

လက်ရှိသမ္မတ ဒီနာဘိုလူအာတေးအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နှစ်ပတ်တာ ရပ်နားထားပြီးနောက် ဒီအပတ်ထဲမှာမှ ပြန်စခဲ့ကြတာပါ။

သမ္မတဟောင်း ပီဒရိုကတ်စတီလို ရာထူးကနေ ဖယ်ရှား ဖမ်းဆီးခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြင်းထန်တဲ့ ပဋိပက္ခတွေကြားမှာ လူ ၂၂ ဦးအထိ သေဆုံးခဲ့ပါတယ်။

ဒီဆန္ဒပြတောင်းဆိုသူတွေဟာ ဘိုလူအာတေး နုတ်ထွက်ရေးအပြင် အောက်လွှတ်တော်ကို ပိတ်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့အတူ ကတ်စတီလို လွတ်မြောက်လာရေး အတွက် လိုလားနေကြပါတယ်။

သမ္မတဟောင်းဖြစ်သူဟာ တရားခွင်အကြိုကာလ ဖမ်းဆီးထိန်းသိမ်းမှုကို ၁၈ လတာ ရင်ဆိုင်ရမှာဖြစ်ပြီး အောက်လွှတ်တော်ကို တရားမဝင်ပိတ်ပစ်ဖို့ ကြိုးပမ်းခဲ့ရာကနေ နိုင်ငံတော်ပုန်ကန်မှုအတွက် လက်ရှိမှာ စုံစမ်းစစ်ဆေးခံနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up