close

ပီရူးနိုင်ငံတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

သမ္မတဟောင်း ပီဒရိုကတ်စတီလို ကို ရာထူးကနေ ဖြုတ်ချခဲ့တဲ့အတွက် ပီရူးနိုင်ငံ ကူစ်ကိုမြို့မှာ ဇန်နဝါရီ ၁၁ ရက်က ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ပြည်သူ့ဆောက်လုပ်ရေးသမဂ္ဂအဖွဲ့ဝင်တွေ အပါအဝင် တခြားပြည်နယ်တွေကပါ လာကြတဲ့ ဆန္ဒပြသူတွေဟာ အလီဟန်ဒရို ဗီလာစကို အက်စ်တေ့တေ့ နိုင်ငံတကာလေဆိပ်ကို ဦးတည်စဉ်မှာပဲ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဗွီဒီယိုမှတ်တမ်းထဲမှာတော့ ဆန္ဒပြသူတွေက ရဲတွေကို ခဲနဲ့ပစ်ပေါက်ခဲ့ကြပြီး ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဓိကရုဏ်းအတွင်း ဒဏ်ရာရရှိသူတွေကို ဆရာဝန်တွေက ကူညီပေးနေကြတာကိုလည်း တွေ့ရပါတယ်။

ကူစ်ကိုမြို့ ရာဇဝတ်မှုတားဆီးကာကွယ်ရေး အစိုးရရှေ့နေတဦးဖြစ်တဲ့ အက်ဒွါဒို ပိုဘလက်တေးကတော့ ဒီလှုပ်ရှားမှုဟာ ဇန်နဝါရီ ၉ ရက်က ပီရူးတောင်ပိုင်းမြို့ ဂျူလီယာကာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲအတိုင်း လုပ်ဆောင်ချင်တာလို့ မှတ်ချက်ပြုပါတယ်။

အဲဒီတုန်းက ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ လေဆိပ်ကို စီးနင်းသိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ရာကနေ အကြမ်းဖက်မှုအတွင်း အရပ်သား ၁၇ ဦးအထိ သေဆုံးခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ ပီရူးနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွားဆုံး အခြေအနေတခုလည်း ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်းတုန်းက လက်ဝဲယိမ်းသမ္မတဟောင်း ကတ်စတီလိုကို ရာထူးကနေ ရုတ်တရက် ဖယ်ရှားခဲ့ပြီးကတည်းက ပီရူးနိုင်ငံမှာ ဆန္ဒပြပွဲတွေနဲ့ မတည်မငြိမ် ဖြစ်နေခဲ့တာပါ။

ဆန္ဒပြပွဲတွေအတွင်း လက်ရှိအချိန်ထိ စုစုပေါင်း လူအယောက် ၄၀ သေဆုံးခဲ့ပါတယ်။ လွှတ်တော်ကို တရားမဝင်ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့တာကြောင့် “ပုန်ကန်မှု” စွဲချက်တွေအရ ဖမ်းဆီးခံထားရတဲ့ ကတ်စတီလို လွတ်မြောက်ရေး၊ သမ္မတသစ် ဒီနာ ဘိုလူအာတေး နုတ်ထွက်ရေး၊ အထွေထွေရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခု တို့ကို ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

ပီရူးနိုင်ငံရဲ့ ရှေ့နေချုပ်ရုံးကလည်း သမ္မတသစ် ဘိုလူအာတေးနဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြင်းထန်တဲ့ အဓိကရုဏ်းဖြစ်ရပ်တွေအတွက် စပြီး စုံစမ်းစစ်ဆေးနေပြီလို့ ဇန်နဝါရီ ၁၀ ရက်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up