တရုတ် ဒုစရိုက်ဂိုဏ်းနှင့် ထိုင်းရဲများ မပတ်သက်ကြရန် မဲဆောက်ရဲမှူးကြီး သတိပေး

မြန်မာ-ထိုင်းနယ်စပ်မှာ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစား၊ မူးယစ်ဆေးနဲ့ လိင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ (ကျင်းထောင်း) ခေါ် တရုတ် ဒုစရိုက်ဂိုဏ်းနဲ့ ထိုင်းရဲတွေ မပတ်သက်ကြဖို့ မဲဆောက်ရဲမှူးကြီးက သတိပေးပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ ရဲစခန်းမှာ ဒီနေ့ နံနက် အလံတင်ချိန် မဲဆောက်မြို့ ရဲမှူးကြီး မွန်းစပ် ကယောက်အွန်က အမှာစကားပြောကြားရာမှာ အခုလို သတိပေးခဲ့တာပါ။
တရုတ် ဒုစရိုက်ဂိုဏ်း (ကျင်းထောင်း) နှစ်နိုင်ငံနယ်စပ် မြဝတီ-မဲဆောက်ဒေသမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ တရားမဝင်လောင်းကစားခြင်း၊ နိုင်ငံအဆင့် ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ လူကုန်ကူးတာနဲ့ တခြားရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းအဖွဲ့ဖြစ်ပါတယ်။
ကျင်းထောင်း ခေါ် ရွှေတရုတ် ဒုစရိုက်ဂိုဏ်းဟာ စနစ်တကျ ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြလေ့ရှိပါတယ်။
(ကျင်းထောင်း) ခေါ်တရုတ် ဒုစရိုက်ဂိုဏ်းနဲ့ ထိုင်းရဲတွေ ပတ်သက်နေကြောင်း စုံစမ်းသိရှိပါက ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း မဲဆောက်ရဲမှူးကြီး မွန်းစပ်ကယောက်အွန်က သတိပေးပြောကြားသွားပါတယ်။