စစ်ရေးလေ့ကျင့်မှုနှင့် စစ်ပြင်ဆင်ရေး တိုးလုပ်သွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပြော

ပြုံယမ်းမှာ စစ်ရေးနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြင်ဆင်နေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက စစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့ပြီး နိုင်ငံရဲ့ စစ်ပြင်ဆင်ရေး အနေအထားကို မြှင့်တင်သွားမယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြား KRT က ဖေဖော်ဝါရီ ၇ ရက်မှာ ကြေညာပါတယ်။
ကင်မ်က ဖေဖော်ဝါရီ ၆ ရက်နေ့မှာပြုလုပ်တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင် အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး တာဝန်ရှိသူတွေက အခုနှစ်အတွက် “အဓိက စစ်ရေးနဲ့ နိုင်ငံရေးတာဝန်တွေ” နဲ့ “စစ်တည်ဆောက်ရေး ဦးတည်ချက်ဆိုင်ရာ ရေရှည်ပြဿနာများ” အကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
လက်ရှိအခြေအနေကို ရင်ဆိုင်ဖို့နဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပိုမိုတင်းကျပ်စွာ ပြီးပြည့်စုံအောင် လုပ်ဆောင်ဖို့တို့အတွက် ကိုရီးယား ပြည်သူ့တပ်မတော် KPA ရဲ့ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ရေး လေ့ကျင့်မှုတွေကို အဆက်မပြတ်တိုးချဲ့ပြီး အရှိန်အဟုန် ပြင်းပြင်းနဲ့ ဆောင်ရွက်ရေး ကိစ္စတွေကို လေ့လာပြီး ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာက ထည့်သွင်း အစီရင်ခံခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျရောက်တဲ့ မြောက်ကိုရီးယား တပ်မတော် တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနား ကျင်းပဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပြီးတော့ အစည်းအဝေး လုပ်နေတာပါ။
စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုဓာတ်ပုံတွေကနေ ပြုံယမ်းမှာ မြောက်ကိုရီးယားတပ်တွေ လေ့ကျင့်နေပုံတွေကို ပြသထားပြီး ဆက်စပ်လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်နေကြောင်း တောင်ကိုရီးယားက ပြောပါတယ်။