close

ဝက်လက်နှင့် ကလေးဝတွင် တိုက်ပွဲဖြစ်၊ ငါန်းဇွန်မြို့နယ်၌ ကင်းလှည့်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆိုင်နိုင်ကွေ့‌မှာ တပ်ဆွဲထားတဲ့ စစ်ကောင်တပ်ကို ဖေဖော်ဝါရီ ၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်) က ထုတ်ပြန်ပါတယ်။

နာရီဝက်ကြာ တိုက်ပွဲဖြစ်ရာမှာတော့ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ်လည်း ထိခိုက်ကျဆုံးနိုင်ပေမဲ့ ကာကွယ်ရေးတပ်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက် PRF) ရဲ့ စစ်ရေးတာဝန်ခံ ရဲဘော်လင်းညိုက “နှစ်ကောင်ကျတယ်။ တကောင်က စနိုက်ပါနဲ့ ပစ်လိုက်တာ ထိသွားတာ။ တကောင်က battle ဆိုင်ရင်း ကျတာ။ ရွှေဘို အမှတ်-၈ လေ့ကျင့်ရေးတပ်ကကောင်တွေလို့ သိရတာပဲ။ ၂၀ နဲ့ ၃၀ကြားပဲ ရှိမှာပါ” လို့ ပြောပါတယ်။

ဝက်လက်နယ်ရှိ စိုင်နိုင်ကွေ့လမ်းဆုံမှာ စစ်ကောင်စီတပ်က တပ်စွဲပြီး လမ်းသွားလမ်းလာ ကားတွေကို ဆက်ကြေးကောက်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပြီး ဒေသကာကွယ်ရေး တပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၉ ရက်‌ကစပြီး ဖေ‌ဖော်‌ဝါရီ ၂ ရက်‌‌နေ့အထိ ၁၅ ရက်‌ကြာ တိုက်‌ပွဲဖြစ်‌ပွားခဲ့တယ်လို့ က‌လေးဝ PDF တာဝန်‌ရှိသူတဦးက‌ ပြောပါတယ်‌။

“စစ်‌‌ကောင်‌စီတပ်‌‌တွေ ကျနော်‌တို့ က‌လေးဝ PDF‌ တွေနဲ့ ထိ‌တွေ့တိုက်‌ပွဲဖြစ်‌ခဲ့တယ်‌‌။ ဖေ‌ဖော်‌ဝါရီ ၁ ရက်‌‌နေ့ ည‌နေက ပြည်‌သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်ကောင်စီတပ်ကို ညှပ်တိုက်တာ။  ဒုတပ်ရင်းမှူးနဲ့ အခြားအဆင့် သုံးယောက်သေတယ်‌၊ ဒဏ်ရာရသူ‌‌တွေများတယ်‌။ ကျနော်‌တို့ဘက်‌ ထိခိုက်‌တာမရှိဘူး” လို့ က‌လေးဝ PDF တာဝန်‌ရှိသူတဦးက‌ ပြောပါတယ်‌။

စစ်‌‌ကောင်‌စီတပ်‌ဟာ ကလေးဝမြို့ကို အင်အား ၇၀ လောက်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဖေ‌ဖော်‌ဝါရီ ၂ ရက်‌‌ ပြန်ဆုတ်သွားချိန်မှာ ၅၀‌ လောက်‌သာရှိတယ်‌လို့ ဆိုပါတယ်‌။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာတော့ ညောင်ကြီးရိုးနဲ့ ငွေစင်ကုန်းရွာကြားက ငါန်းဇွန်-တံတားဦး ကားလမ်းပေါ်မှာ ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၂ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။

မိုင်းဆွဲမှုအပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက် ခုခံပစ်ခတ်လို့ မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ငါန်းဇွန်မြို့နယ် ပ.က.ဖ ပြန်ကြားရေးတာဝန်ခံက “နေရာမှာပဲ ၉ ကောင် ပွဲချင်းပြီးသေတာ။ နောက်ဆုံးကျန်တဲ့တကောင်က ဒဏ်ရာနဲ့ ပြန်လည်ခုခံပစ်ခတ်နေတုန်း မြို့ပေါ်က သူတို့တပ်ကူ ကားရောက်လာလို့ နောက်ဆုတ်ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

နောက်ပိုင်းကာလတွေမှာ စစ်ရေးမစ်ရှင်တွေ ဆက်လက် အရှိန်အဟုန်မြှင့်သွားမှာဖြစ်ပြီး သတင်းအချက်လက်ကို လုံခြုံရေးအရ စိတ်ချရတဲ့အချိန်မှသာ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

Up