close

ပုလောတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်မီးရှို့သဖြင့် ပြည်သူ့နေအိမ် ၃ လုံး ပျက်စီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီ ၈ ရက်က ၇ နာရီကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုကျေးရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ပလရဲစခန်းမှ မြဒေါင်ကို စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ပြန်ပြီးခုခံတိုက်ခိုက်ရာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုရွာကနေပြီး မြဒေါင်အထိ စစ်ကောင်စီတပ်သားတွေက ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ကြီး အလုံး ၁၀၀ လောက် ရှိမယ်ထင်တယ်။ အဲဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အကျအရှုံးရှိပေမဲ့ အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာရင် ဘေးလွတ်ရာနေပေးကြဖို့၊ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေနဲ့ ဝေးရာကနေ ခရီးသွားလာကြဖို့နဲ့ ဒေသခံပြည်သူတွေ စစ်ရေးသတိရှိကြဖို့ သတိပေး တိုက်တွန်းထားတာတွေလည်း ရှိပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တိုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ နေအိမ် ၃ လုံး မီးလောင်ပြီး ဒေသခံပြည်သူ ၂ ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တိုက်ပွဲက ၇ နာရီလောက်အထိကြာတယ်။ ရွာသား ၂ ဦးမှာ လက်နက်ကြီးထိမှန်ခဲ့တယ်။ အခုထိခိုက်ဒဏ်ရာရတဲ့ ရွာသား ၂ ဦးကို လွတ်မြောက်နယ်မြေမှာ ဆေးကုပေးနေပါတယ်။”

တိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတဦးက ဆိုပါတယ်။

“ကျောက္ကာရွာဘက်ကနေ ပိတပ်ရွာကို လှေနဲ့လာတဲ့ ပြည်သူတွေကို မနေ့က စစ်တပ်က ဖမ်းပြီးတော့ စစ်ဆေးတာတွေ လုပ်ခဲ့တယ်တဲ့။ စစ်ဆေးပြီးတော့ ပြန်လွှတ်ပေးလိုက်တယ် လို့တော့ ကြားတယ်။”

Up