close

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၁,၀၀၀ ကျော်ရှိလာ

တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၆ ရက်က နာရီပိုင်းလောက်သာခြားပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီး ၂ ခုကြောင့် မြို့ကြီးမြို့ငယ်တွေ ဆိုးဆိုးရွားရွား ပျက်စီးပြီး သေဆုံးသူ ၂၁,၀၀၀ ကျော်ရှိလာပြီး ဒီရာစုနှစ်အတွင်း အဆိုးရွားဆုံး ကပ်ဘေးတခု ဖြစ်လာပါတယ်။

ငလျင်ဗဟိုချက် ကာရာမန်မရာ့ရှ်ပြည်နယ်ရဲ့ တောင်ဘက်ရှိ ပဇာဆစ်ခ်မြို့မှာ ငလျင်ဘေးကနေ အသက်ရှင်ကျန်သူတွေက ငလျင်အပြီး ၄ ရက်မြောက်မှာ သူတို့ရဲ့ ဆွေမျိုးသားချင်း သေဆုံးသူတွေကို အစုလိုက်အပြုံလိုက် စတင်မြှုပ်နှံ သင်္ဂြိုဟ်ကြပါတယ်။

“တကယ့်ကို ကမ္ဘာပျက်တဲ့နေ့ပါပဲ” လို့ ဆွေမျိုးတွေကို နောက်ဆုံးနှုတ်ဆက်ဖို့ စောင့်ဆိုင်းနေတဲ့ ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူ ဟူဆေရင် ပီကီရဲလ်က ပြောပါတယ်။

တူရကီသမ္မတ တေယစ်အာဒိုဂန်က ငလျင်ဒဏ်သင့်ခဲ့တဲ့ ကီလစ်ပြည်နယ်နဲ့ အော့မာနီးယဲပြည်နယ်အနီးက ယာယီတဲစခန်းမြို့တွေဆီ ဖေဖော်ဝါရီ ၉ ရက်က သွားရောက်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ အခြေအနေတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

အဆောက်အအုံပေါင်း ၆,၄၀၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး တနှစ်အတွင်း ဒေသတွင်းမှာ သုံးထပ်နဲ့ လေးထပ် အဆောက်အအုံသစ်တွေကို တည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်း သူကပြောပါတယ်။

တူရကီနိုင်ငံတောင်ပိုင်း အနှံ့အပြား အေးခဲနေတဲ့ ဆောင်းရာသီမှာ လူတွေဟာ ယာယီအမိုးအကာ ခိုနားစရာနဲ့ စားနပ်ရိက္ခာကို ရှာဖွေခဲ့ကြပြီး မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖုံးအုပ်နစ်မြုပ်နေဆဲဖြစ်တဲ့ အပျက်အစီးပုံတွေနားမှာ ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေရပါတယ်။

တူရကီနဲ့ ဆီးရီးယားတို့မှာ ငလျင်ကြောင့် လူပေါင်းသိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အအေးဒဏ်၊ ငတ်မွတ်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ အသက်ရှင်ကျန်နေခဲ့ရပါတယ်။ မြို့ကြီးတွေရဲ့ အပျက်အစီးတွေကြားမှာ နောက်ထပ်လူများစွာကို အသက်ရှင်လျက်တွေ့ရဖို့ မျှော်လင့်ချက်တွေလည်း မှေးမှိန်နေပါတယ်။

Up