close

တရုတ်ကုမ္ပဏီများအတွက် တရားမျှတမှုရှိရန် သြစတြေးလျကို တရုတ်အစိုးရတိုက်တွန်း

သြစတြေးလျနိုင်ငံဟာ တရုတ်ကုမ္ပဏီတွေအတွက် တရားမျှတမှုရှိတဲ့ဝန်းကျင်တခု စီစဉ်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၉ ရက်မှာ ပြောပါတယ်။

ဒါဟာ သြစတြေးလျရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရုံးတွေမှာ တရုတ်နိုင်ငံထုတ် ကင်မရာတွေ တပ်ဆင်ထားမှုအပေါ် ပြန်လည်သုံးသပ်မှုနဲ့ပတ်သက်တဲ့ ဆက်စပ်မေးခွန်းအတွက် တရုတ်ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ဖြေကြားခဲ့တာပါ။

တရုတ်နိုင်ငံထုတ် ကင်မရာတွေဟာ လုံခြုံရေးအရ အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနရုံးတွေမှာ အသုံးပြုထားတဲ့ စောင့်ကြည်ရေး နည်းပညာအပေါ် အစိုးရအနေနဲ့ စစ်ဆေးမှုလုပ်ဆောင်ဖို့ရှိတယ်လို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဒီစစ်ဆေးမှုဟာ ဗြိတိန်နိုင်ငံက အစိုးရဌာနတွေနဲ့ အရေးကြီးတဲ့ အဆောက်အအုံ နေရာတွေမှာ တရုတ်နဲ့ ဆက်စပ်မှုရှိတဲ့ စောင့်ကြည်ရေးကင်မရာတွေ တပ်ဆင်မှုရပ်တန့်ဖို့ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလက ညွှန်ကြား တောင်းဆိုခဲ့အပြီး နောက်ဆက်တွဲဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။

သြစတြေးလျ အတိုက်အခံလွှတ်တော်အမတ်တဦးဖြစ်တဲ့ ဂျိမ်းစ်ပက်တာဆန်က သူရဲ့ ကိုယ်ပိုင်စာရင်းစစ်ဆေးမှုအတွင်း တရုတ်အစိုးရက တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ ဟန်ကျိုး ဟစ်ခ်ဗီးရှင်း ဒီဂျစ်တယ်နည်းပညာကုမ္ပဏီနဲ့ ဒါဟွာ နည်းပညာကုမ္ပဏီ ၂ ခုက စက်ပစ္စည်းကိရိယာပေါင်း ၁,၀၀၀ နီးပါးကို သြစတြေးလျအစိုးရရုံးပေါင်း ၂၅၀ ကျော်မှာ တပ်ဆင်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Up