close

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃ သောင်းခွဲနီးပါးရှိလာ

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ အရင်အပတ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြီးကြောင့် သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၁၃ ရက်မနက်မှာ  အယောက် ၃၅၀၀၀ နီးပါးရှိလာပါပြီ။

တူရကီနိုင်ငံထဲမှာ ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ အယောက် ၃၀,၀၀၀ နီးပါး  ရှိပြီး ဆီးရီးယားမှာတော့ အယောက် ၃၆၀၀ နီးပါးရှိနေပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်ပြီး အပျက်အစီးတွေကို ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ကို တချို့ဒေသတွေမှာ စတင်နေပြီဖြစ်လို့ ရှင်သန်ကျန်ရစ်သူကို ရှာတွေ့နိုင်မယ့် အခွင့်အလမ်းက ပိုဝေးလာတာမို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

ဒါဟာ ၁၉၃၉ ခုနှစ်နောက်ပိုင်း တူရကီမှာ လူအသေအပျောက်အများဆုံး ငလျင်တခုဖြစ်ပါတယ်။

ငလျင်ဗဟိုချက်ရှိရာ ခါဟရာမန်မာရက်စ်ဒေသမှာ ရှင်သန်ကျန်ရစ်သူတွေဟာ အဆောက်အဦ အပြိုအပျက်တွေနားက လမ်းတွေပေါ်မှာ စခန်းချနေထိုင်ရင်း သူတို့ဆွေမျိုးတွေရဲ့ အလောင်းတွေကို လက်ခံရယူဖို့ ဖေဖော်ဝါရီ ၁၂ ရက်က စောင့်ဆိုင်းနေကြပါတယ်။

နှစ် ၂၀ အတွင်း အပြင်းထန်ဆုံး ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ သမ္မတ တေယစ်အာဒိုဂံကို ငလျင်ဘေးတုံ့ပြန်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရာမှာတော့ သူက သီတင်းပတ်တွေအတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စမယ်လို့ ဖြေခဲ့ပါတယ်။

ကာလကြာရှည် ပိတ်ထားခဲ့တဲ့ တူရကီ-အာမေးနီးယား နယ်စပ်တံခါးကိုတော့ ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ငလျင်သင့် ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး ရည်မှန်းပြီး ဖေဖော်ဝါရီ ၁၁ ရက်က ပြန်ဖွင့်ပေးလိုက်ပြီလို့ တူရကီ သံတမန်တဦးနဲ့ တူရကီအစိုးရပိုင် အနာဒိုလူ သတင်းဌာနတို့က ကြေညာခဲ့ပါတယ်။

Up