မယ်ဆိုင်ဂူထဲပိတ်မိခဲ့သည့် တောဝက်အကယ်ဒမီ လူငယ် ၁ ဦး အင်္ဂလန်၌ ဘောလုံးလေ့ကျင့်စဉ် ချော်လဲပြီးရသည့်ဒဏ်ရာကြောင့် သေဆုံး

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်ဂူကြီးထဲမှာ နှစ်ပတ်ကြာပိတ်မိ အသက်ဘေးနဲ့ကြုံတွေ့ခဲ့တဲ့ တောဝက်အကယ်ဒမီ ဘောလုံးအသင်းသား လူငယ် ၁၃ ဦးအနက် နောင့်ဒွမ့် ဆိုတဲ့လူငယ်လေးဟာ ပညာသင်ဆုရလို့ အင်္ဂလန်နိုင်ငံမှာသွားရောက် ဘောလုံးကန်ရင်း ချော်လဲတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပြီလို့ ထိုင်းမြောက်ပိုင်းပြန်ကြားရေးဌာန PR.Thailand ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
သူဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ဘောလုံးကစားနေစဉ် ကွင်းထဲမှာ ချော်လဲခဲ့ကြောင်း၊ ဆေးမှူးတွေက ရှေးဦးသူနာပြုစုကာ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ၊ ဦးခေါင်းနဲ့ ကြမ်းပြင် ဆောင့်မိတဲ့အရှိန်နဲ့ သတိမလည်နိုင်ဘဲ ဆေးရုံအရေးပေါ်ခန်းမှာ အောက်စီဂျင်ပေးထားရပြီး ၂- ၃ ရက်ခန့်အကြာမှာ သေဆုံးသွားတာလို့ အဆိုပါသတင်းမှာ ဖော်ပြပါတယ်။
နောင်းဒွမ့် (ခ) ဒွမ့်ဒုမ်ဖေ့ချ် ဖရူမ်ထိပ်ဟာ တောဝက်အကယ်ဒမီလူငယ်ဘောလုံးအသင်းရဲ့ တိုက်စစ်မှူးဖြစ်ပြီး သူတို့ဂူကနေလွတ်မြောက်ကာစ အင်တာဗျူးမှာ ကြီးလာရင်ထိုင်းနိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်ချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက Sport Education နဲ့ Zico Foundation အဖွဲ့အစည်းက ပေးအပ်တဲ့ ပညာသင်ဆုကိုရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံ Brooke House College Football Academy ကျောင်းမှာ ပညာသင်ကြားခွင့်ရခဲ့ပါတယ်။
လက်ရှိ အသက် ၁၇ နှစ်ရွယ်သာရှိသေးပြီး အနာဂတ်အလားအလာကောင်းတဲ့ သူလို လူငယ်တစ်ယောက် ဆုံးပါးသွားတဲ့အတွက် ထိုင်းလူမှုကွန်ရက်မှာ နှမျောတသစွာ ဝမ်းနည်းကြောင်းပို့စ်တွေရေးသား မျှဝေနေကြပါတယ်။