close

ယူကရိန်း ပြန်လည်ထူထောင်ရေးတွင် ရုရှားရန်ပုံငွေများ သုံးမည့်ကိစ္စ အီးယူစစ်ဆေးမည်

ယူကရိန်းမှာ ပြန်လည်တည်ဆောက်ရေး အကျိုးပြုဖို့ ထိန်းချုပ်ကန့်သတ်ထားတဲ့ ရုရှားရန်ပုံငွေတွေ ကို ဘယ်လိုသုံးနိုင်မလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ ဥရောပသမဂ္ဂ (အီးယူ) က သီးသန့်အဖွဲ့တဖွဲ့ကို စတင်မယ်လို့ ဆွီဒင်ဝန်ကြီးချုပ် ဥလ်ဖှ် ခရစ္စတယ်ရွှန့်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။ 

ဒီအဖွဲ့ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ စတင် မိတ်ဆက်မယ်လို့လည်း သူကပြောပါတယ်။

ဆွီဒင်ဟာ လက်ရှိမှာ အီးယူရဲ့ အလှည့်ကျဥက္ကဋ္ဌရာထူးကို ရယူထားပါတယ်။ ဒီအဖွဲ့ကို အစိုးရအေဂျင်စီတခုဖြစ်တဲ့ ဆွီဒင်နိုင်ငံရဲ့ အမျိုးသားကုန်သွယ်ရေးဘုတ်အဖွဲ့ အကြီးအကဲ အန်ဒါစ် အွန်းလစ်ဒ်က ဦးဆောင်မှာပါ။

အရေးပါတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ရုရှားဗဟိုဘဏ်က ရန်ပုံငွေတွေဟာ ဒေါ်လာဘီလီယံ ဆယ်ဂဏန်းအထိရှိဖို့ မျှော်လင့်ထားတယ်လို့ အွန်းလစ်ဒ်က ပြောပါတယ်။

အဲဒီနေ့အစောပိုင်းမှာ ဆွီဒင်ဝန်ကြီးချုပ်က ဆွီဒင်လွှတ်တော်အတွင်း မိန့်ခွန်းပြောရာမှာ ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ထိန်းချုပ်ကန့်သတ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို သုံးဖို့ နိုင်ငံတကာက လေးစားမယ့် နည်းလမ်းကို ရှာဖွေတာဟာ အီးယူဥက္ကဋ္ဌဖြစ်တဲ့ ဆွီဒင်ရဲ့ အဓိကတာဝန်တွေထဲက တခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Up