ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်ဟု ဖာဒီနန် သုံးသပ်

အခုနှစ် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သုံးသပ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲဟာ လက်ရှိအချိန်မှာ ၁၆ သင်းအဆင့် ရှုံးထွက်ရောက်ရှိနေပြီး ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအသင်းတွေဟာလည်းချန်ပီယံ ဖြစ်ဖို့ရေပန်းစားမှုရှိပါတယ်။
BT Sport ရဲ့ ဘောလုံးသုံးသပ်သူ ရီယိုဖာဒီနန်ကတော့ တိုက်စစ်မှူး ဟာလန်းနဲ့ နည်းပြ ဂွါဒီယိုလာကြောင့် မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။
“ချန်ပီယံအသင်း ခန့်မှန်းရတာခက်ခဲပေမဲ့ စီးတီးအသင်းကိုပဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြဂွါဒီယိုလာနဲ့ တိုက်စစ်မှူးဟာလန်းတို့ ရှိနေတာကြောင့် ဖြစ်တယ်။ ဂွါဒီယိုလာက စီးတီးနဲ့အတူ ချန်ပီယံလိဂ် မရဖူးသေးပါဘူး။ ချန်ပီယံလိဂ်ဆုဖလားယူပြီး လူတွေကို နှုတ်ဆိတ်သွားစေဖို့ သူ လုပ်ဆောင်လိမ့်မယ်”လို့ ဖာဒီနန်ကပြောပါတယ်။
မန်စီးတီးဟာ ၁၆ သင်းအဆင့်မှာ ဂျာမန်ကလပ် လိုက်ဇစ်နဲ့ တွေ့ဆုံနေပြီး လာမယ့်ဖေဖော်ဝါရီ ၂၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီမနက်အစောပိုင်းကန်သွားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အာဆင်နယ်ကို တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းအပါအဝင် (၃-၁) ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ကို ရောက်လာပါတယ်။