close

တက္ကဆက်ပြည်နယ် ကုန်တိုက်တန်းတခုတွင် ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့က ကုန်တိုက်တန်းတခုမှာ ဖေဖော်ဝါရီ ၁၅ ရက်က ပစ်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယရှိသူတဦးကို ဖမ်းဆီးထားပြီးဖြစ်ပေမဲ့ နောက်ထပ် သံသယရှိသူတဦးကိုတော့ ရှာဖွေနေဆဲလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဂိုးမက်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။

အခုလို ပစ်ခတ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒီပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေ အခင်းဖြစ်နေရာကနေ ထွက်ခွာဖို့  ရဲတပ်ဖွဲ့က တောင်းဆို ညွှန်ကြားခဲ့ပါတယ်။

သတင်းဗီဒီယိုထဲက ယာဉ်ရပ်နားစခန်းမှာလည်း ကင်းလှည့်ရဲကားတွေနဲ့ ပြည့်နှက်နေပြီး အချက်ပြမီးတွေ ဖွင့်ထားတာကို တွေ့ရပါတယ်။

“အခုချိန်မှာ ကုန်တိုက်ထဲက ဝန်ထမ်းတွေနဲ့ ဈေးဝယ်သူတွေ အပါအဝင် အခင်းဖြစ်ရာကနေ အားလုံး ထွက်ခွာသွားနိုင်ဖို့ ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ဒီကုန်တိုက်ထဲက ရှင်းလင်းရေးလုပ်ငန်းစဉ်ကိုလည်း နည်းလမ်းတကျ တဖြည်းဖြည်းချင်း ဆောင်ရွက်နေပါတယ်” လို့ ဂိုးမက်ဇ်က ဆိုပါတယ်။

ဒဏ်ရာရရှိမှုအခြေအနေနဲ့ ပတ်သက်လို့တော့ သူ့မှာ အချက်အလက် မရှိသေးဘူးလို့ ဖြေပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဆီအယ်လ်လို ဗစ်စတာ ကုန်တိုက်ဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃ ရက်ကလည်း သေနတ်သမားတဦးက လူပေါင်း ၂၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဝေါလ်မတ်စတိုးဘေးမှာ တည်ရှိတာပါ။

ပြီးခဲ့တဲ့တပတ်ကလည်း တက္ကဆက်ပြည်နယ်က အမျိုးသားတဦးဟာ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အမုန်းတရားအပေါ် အခြေခံတဲ့ ဖက်ဒရယ်ရာဇဝတ်မှုတွေအရ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ သဘောတူညီမှုအရ ဖက်ဒရယ်ဆိုင်ရာ သေဒဏ်ပေးမှုကနေ သူ့ကို လျော့ပေါ့ပေးခဲ့ပေမဲ့ နောက်ထပ် သီးခြားပြည်နယ်တခုက တရားစွဲဆိုမှုမှာတော့ သေဒဏ်ပြစ်ဒဏ်ကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Up