ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ချမှတ်ရန် အမေရိကန် စီစဉ်နေ

အမေရိကန်နဲ့ စက်မှုထိပ်သီး ၇ နိုင်ငံအဖွဲ့ (G7) မဟာမိတ်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး ရုရှားအပေါ် အကြီးစား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအစီအစဉ်အသစ်ချမှတ်ဖို့ စီစဉ်နေကြောင်း အမေရိကန်နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်းက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
ပိတ်ဆို့အရေးယူမှုတွေမှာ ပိုနက်ရှိုင်းပြီး ပိုကျယ်ပြန့်တဲ့ ကန့်သတ်ချက်တွေပါဝင်ပြီး အထူးသဖြင့် ရုရှားကာကွယ်ရေးနယ်ပယ်ကို နည်းပညာနဲ့ နည်းပညာမြင့်စက်ပစ္စည်းတွေ စီးဆင်းမှုတွေကို ကန့်သတ်သွားမှာဖြစ်ကြောင်း နူလန်းက အွန်လိုင်း ဗီဒီယိုကတဆင့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နူလန်းရဲ့အဆိုအရ G7 ဟာ ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။
ရုရှား-ယူကရိန်း ပဋိပက္ခ နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ ဥရောပသမဂ္ဂကလည်း ရုရှားအပေါ် သူ့ရဲ့ ၁၀ ခုမြောက် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်ကို အဆိုပြုထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားနိုင်ငံက အထူးစစ်ဆင်ရေးလို့ ဆိုတဲ့ ယူကရိန်းကို ကျူးကျော်စစ် စလိုက်ကတည်းက အနောက်နိုင်ငံကြီးတွေဟာ ရုရှားလူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု အများအပြားကို ချမှတ်ခဲ့တာဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အနောက်နိုင်ငံတွေက “ရုရှား ဘဏ္ဍာရေး-စီးပွားရေး အခြေအနေတွေကို မြန်မြန်ဆန်ဆန် ကမောက်ကမဖြစ်စေဖို့ မျှော်လင့်ထားကြပေမယ့် သူတို့ရဲ့ စီးပွားရေးစစ်ပွဲရဲ့ မဟာဗျူဟာပဲ ကျရှုံးပြီးတော့ အဲဒီအစား အနောက်နိုင်ငံတွေရဲ့ စီးပွားရေးယိုယွင်းမှုကိုပဲ ဖြစ်သွားရတာ”လို့ ပြောပါတယ်။