ဘူဂေးရီးယားနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသည့်ကားပေါ် လူ ၁၈ ဦး သေဆုံး

ဘူဂေးရီးယားနိုင်ငံ၊ မြို့တော်ဆိုဖီယာအနီးအနားက လိုကော်စ်ကိုကျေးရွာအနီးရှိ စွန့်ပစ်ထားတဲ့ ထရပ်ကားတစ်စီးထဲမှာ ကလေးငယ်တယောက် အပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီထရပ်ကားဟာ သစ်တွေ သယ်လာတာ ဖြစ်ပြီးတော့ ကွန်တိန်နာအကန့်ထဲမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀ လောက်ကို တင်ဆောင်လာတာလို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေး ၅ ဦး အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၄ ဦးကို ဆိုဖီယာရှိ ဆေးရုံတွေကို အမြန်ပို့ဆောင်ခဲ့ပြီး အနည်းဆုံး ၁၀ ဦး ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီး အဆန်မဒ်ဇီဒီယဗ်က ပြောပါတယ်။
ဒီထရပ်ကားမှာ သော့ခတ်ပိတ်လှောင်ခံထားရသူတွေအတွက် အောက်ဆီဂျင်ပြတ်လပ်မှု ရှိခဲ့ပြီး လူနာတွေဟာ အေးခဲ၊ စိုစွတ်နေပြီးတော့ ရက်ပေါင်းများစွာ အစာမစားရသေးကြောင်းလည်း ဝန်ကြီး မဒ်ဇီဒီယဗ်က သတင်းထောက်တွေကို ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတချို့ကတော့ စိုးရိမ်ရပေမယ့် အခြေအနေ တည်ငြိမ်ကြောင်းလည်း သူက ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကုန်တင်ယာဉ်မောင်းကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရပါတယ်။