နိုင်ဂျီးရီးယားမှ သင်္ဘောခိုးစီးလာသည့် ရွှေ့ပြောင်းနေထိုင်သူ ၃ ဦးကို စပိန်ကမ်းခြေစောင့်တပ် ကယ်တင်

နိုင်ဂျီးရီးယားနိုင်ငံကနေ ကနေရီကျွန်းစုကို ရောက်ရှိလာတဲ့ ရေနံနဲ့ဓာတုသင်္ဘော အလီသီနီ -၂ ရဲ့ တက်မပေါ်မှာ ပုန်းခိုလိုက်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃ ဦးကို စပိန်ကမ်းခြေစောင့်တပ်က နိုဝင်ဘာ ၂၈ ရက်မှာ ကယ်ဆယ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က တွစ်တာမှာ ပို့စ်တင်ထားပါတယ်။
မော်လ်တိစ်အလံ လွှင့်ထားပြီး ၁၈၃ မီတာ ရှည်လျားတဲ့ သင်္ဘောဟာ နိုဝင်ဘာ ၁၇ ရက်က နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ကနေ အနောက်အာဖရိက ကမ်းရိုးတန်းကို လမ်းကြောင်းလှည့်ပြီးနောက်မှာ ဂရန်ကနေရီယာရှိ လာစ် ပါးလ်မာစ်ကို ရောက်ရှိခဲ့ကြောင်း ရေကြောင်းသွားလာမှုအရ သိရပါတယ်။
သင်္ဘောဟာ နိုင်ဂျီးရီးယားကနေ ၁၁ ရက်စောပြီး ရွက်လွှင့်လာခဲ့ကြောင်း သင်္ဘောကပ္ပတိန်က ကြက်ခြေနီကို အတည်ပြုခဲ့ပါတယ်။
သင်္ဘောခိုးစီးလာသူတွေဟာ နိုင်ငံတကာ အကာအကွယ်ကို လျှောက်ထားခြင်းမရှိဘူးဆိုရင် ဒါမှမဟုတ် သူတို့မှာ ကျန်းမာရေးဆိုင်ရာ ခြွင်းချက်တခုခုရှိရင် သူတို့ကို ဂရုစိုက်ပေးဖို့က သင်္ဘောရဲ့ အော်ပရေတာအပေါ်မှာ မူတည်ကြောင်း ကနေရီကျွန်းစု ရွှေ့ပြောင်းနေထိုင်ရေး အကြံပေး ဇဲမာ ဆန်တာနာက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ဒီသင်္ဘာကိုပိုင်ဆိုင်တဲ့ Astra Ship Management ကတော့ မှတ်ချက်တောင်းခံဖို့ ဖုန်းခေါ်ဆိုမှုတွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ရွှေ့ပြောင်းနေထိုင်သူတွေကို နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီလောက်မှာ ကမ်းခြေစောင့်ရေယာဉ်နဲ့ ကယ်ဆယ်ခဲ့ကြောင်း ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
သေင်္ဘာခိုးစီးလာသူတွေမှာ အလယ်အလတ် ရေဓာတ်ခန်းခြောက်မှုနဲ့ အပူလွန်ကဲမှုတွေအတွက် ကုသပေးနေကြောင်း ကနေရီကျွန်းများ အရေးပေါ်ဝန်ဆောင်မှု အဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့တို့က ပြောကြားခဲ့ပါတယ်။ သူတို့ထဲက တဦးဟာ အခြေအနေ ဆိုးရွားလို့ ကျွန်းပေါ်က ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့လည်း ဆိုပါတယ်။