close

ပရီးမီးယားလိဂ် ကစားသမားဟောင်း အတ်ဆု တူရကီငလျင်အတွင်း သေဆုံး

ပရီးမီးယားလိဂ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဂါနာတောင်ပံကစားသမား  ခရစ်ရှန် အတ်ဆုဟာ ပြီးခဲ့တဲ့အပတ်က ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် တူရကီနိုင်ငံ တောင်ပိုင်းရှိ သူနေထိုင်ရာ အဆောက်အအုံအောက်မှာ သေဆုံးနေတာကို တွေ့ရတယ်လို့ အေးဂျင့်ဖြစ်သူက ဖေဖော်ဝါရီ ၁၈ ရက်မှာ အတည်ပြု ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက် ငလျင်လှုပ်ခတ်ခဲ့ကတည်းက အသက် ၃၁ နှစ်အရွယ် ဘောလုံးကစားသမား အတ်ဆု ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဟာတိုင်းမြို့က ပြိုကျပျက်စီးနေတဲ့ လူနေအဆောက်အဦတခုအောက်မှာ သူ့ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။

အတ်ဆုရဲ့ တူရကီအေးဂျင့်တဦးဖြစ်သူ မူရတ် အူဇွန်မီမတ်က “အသက်မဲ့နေတဲ့ အတ်ဆု ရုပ်အလောင်းကို အပျက်အစီးပုံတွေအောက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လောလောဆယ်မှာ နောက်ထပ်ပစ္စည်းတွေကို ဆွဲထုတ်ယူဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ဖုန်းကိုတော့ တွေ့ရှိခဲ့ပါတယ်” လို့ ဟာတိုင်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ငလျင်မလှုပ်မီ နာရီပိုင်းအလိုမှာတင် တူရကီတောင်ပိုင်းကနေ လေယာဉ်နဲ့ထွက်ခွာဖို့ အတ်ဆုအတွက် စီစဉ်ထားခဲ့ပေမဲ့ သူလက်ရှိကစားနေတဲ့ တူရကီကလပ် ဟာတိုင်းစပေါ် အသင်းမန်နေဂျာဖြစ်သူက ဒီဂါနာကစားသမားဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ ပြည်တွင်း လိဂ်ပွဲစဉ်တခုမှာ အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အသင်းမှာပဲဆက်နေဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ပြန်ပြောပြပါတယ်။

အတ်ဆုဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်ကြတဲ့ ချဲလ်ဆီး၊ အဲဗာတန်နဲ့ နယူးကာဆယ်အသင်းတွေမှာ သွားရောက်ကစားခဲ့ပြီးနောက် လက်ရှိ ဟာတိုင်းစပေါ် အသင်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဟာတိုင်းစပေါ်အသင်းက တွစ်တာလူမှုကွန်ရက်မှာ “အတ်ဆု မင်းကို ငါတို့ မေ့နိုင်မှာမဟုတ်ပါဘူး။ လှပတဲ့လူတယောက်အဖြစ် ငြိမ်းချမ်းသွားပါပြီ။ ဝမ်းနည်းမှုကိုဖော်ပြဖို့ စကားလုံးတောင် မရှိတော့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။

“ချဲလ်ဆီးအသင်းအနေနဲ့လည်း ခရစ်ရှန်ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ဒီငလျင်အဖြစ်ဆိုးကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူ အားလုံးအတွက် ဝမ်းနည်းကြေကွဲရကြောင်း” လန်ဒန်ကလပ်က သတင်းထုတ်ပြန်ခဲ့သလို တခြားဘောလုံး အသင်းတွေနဲ့ ဘောလုံးလောကတခုလုံးက အတ်ဆု သေဆုံးမှုအပေါ်မှာ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

အတ်ဆုဟာ ဂါနာလက်ရွေးစင်အသင်းအတွက် ၆၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အာဖရိကနိုင်ငံများဖလားမှာလည်း ဂါနာအသင်းကို ဗိုလ်လုပွဲစဉ်အထိ အရောက်ပို့ဆောင်နိုင်ခဲ့ပေမဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ အိုင်ဗရီကို့စ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ သူဟာ ဂါနာလက်ရွေးစင်အတွက် ၂၀၁၉ ခုနှစ်က နောက်ဆုံး ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။

Up