တူရကီငလျင် အပျက်အစီးများအောက်မှ ၁၃ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးကို အသက်ရှင် ကယ်ဆယ်နိုင်

တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာ ၁၀ ရက်အကြာမှာ မူစတာဖာလို့ ခေါ်တဲ့ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတယောက်ကို တူရကီကယ်ဆယ်ရေးလုပ်သားတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ကံဆိုးမိုးမှောင်ကျမှုမှာ ကံကောင်းထောက်မစွာနဲ့ အသက်ရှင် လွတ်မြောက်သူတွေ ယနေ့ထက်တိုင် ရှာတွေ့နေဆဲ ဖြစ်တာကြောင့် အပျက်အစီးတွေအောက်မှာ အသက်ရှင်နေသူတွေ ကျန်ရှိနေနိုင်သေးတယ်လို့ မျှော်လင့်ထားကြဆဲ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမား အိုဇာအေဒင်လီက “၁၀ ရက်ကြာနီးပါး၊ နာရီနဲ့ဆို ၂၂၈ နာရီ ကြာပြီးတဲ့နောက် တစ်စုံတစ်ယောက်ကို အုတ်ကျိုး အုတ်ပဲ့တွေအောက်ကနေ အသက်ရှင်လျက် ပြန်တွေ့ဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ ကျနော့်သူငယ်ချင်းတွေက ဒီမှာ အသက်ရှင်နေသေးတဲ့ လူတစ်ယောက် တွေ့တယ်လို့ ပြောတော့ ကျနော့်စိတ်ထဲ သူတို့တွေ ကယောင်ခြောက်ခြားနဲ့ လျောက်ပြောနေတာပဲလို့ ထင်ခဲ့တာ။ နောက်တော့မှ အုတ်ကျိုးအုတ်ပဲ့တွေကြားမှာ မျက်ဝန်းတစ်စုံကို မြင်တွေ့ရပြီး အစ်ကိုလို့ ခေါ်သံသဲ့သဲ့ကို ကြားရတော့မှ ကယ်ဆယ်ရေးသမားတွေ အယောက် ၇၀ ၊ ၈၀ လောက် အဲဒီနေရာကို စုပြုံရောက်လာကြတာ။ ပြီးတော့ အားလုံး ငိုကြပါလေရော။ တွေးကြည့်ရင် အခုချိန်အထိ ကျနော်တို့ရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ အချိန်နဲ့အမျှ ရှိနေတုန်းပဲ”လို့ CNN သတင်းထောက်ကို ပြောပြ ပါတယ်။
မူစတာဖာ ဘယ်လို အသက်ရှင်နေသလဲဆိုတာ စဉ်းစားလို့မရပါဘူး။ စက်ကြီးတွေ နဲ့ ရှာဖွေရှင်းလင်းရေးတွေ လုပ်နေသလိုသူ့ရဲ့ ဘေးပတ်ပတ်လည်မှာလည်း အပျက်အစီးတွေ အပြည့်ရှိနေတာပါ။
“ဖြစ်နိုင်တာကတော့ အပေါ်မျက်နှာကြက် ပြိုကျချိန်မှာ အထဲမှာရှိနေတဲ့ ပရိဘောဂတစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခုပေါ်ကျပြီး လူတစ်ကိုယ်စာ နေရာအလွတ် ဖြစ်နေလို့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ပြောနိုင်တာ တစ်ခုကတော့ ဒါဟာ တကယ့်ကို အံ့အားသင့်စရာ ဖြစ်ပါတယ်။ သူ့လိုပဲ အပျက်အစီးတွေအောက်မှာတခြားအသက်ရှင် ကျန်ရစ်သူတွေ ရှိနေနိုင်သေးတယ်။”လို့ ကယ်ဆယ်ရေးသမား အိုဇာအေဒင်လီက ပြောပါတယ်။
လေ့လာမှုတွေအရ အခုလို အဆောက်အဦးပြိုကျမှုအတွင်း ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်တင်နိုင်မှု အခွင့်အလမ်းက ၄၈ နာရီအတွင်း အမြင့်ဆုံးဖြစ်ပြီး ၅ ရက်ကနေ ၆ ရက်အတွင်း အများဆုံး မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။
Rule of Fours အယူအဆ အရလည်း လူတစ်ယောက်ဟာ လေမရှိရင် ၄ မိနစ်ပဲ အသက်ရှင်နိုင်ပြီး ရေမရှိရင် ၄ ရက်၊ စားစရာမရှိရင် ၄ ပတ်ပဲ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားနှစ်နိုင်ငံမှာ စုစုပေါင်း သေဆုံးသူဦးရေဟာ ၄၆၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။