close

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၂၄၀၀ ကျော်သက်တမ်းရှိ ​ရှေးအကျဆုံး ရေလောင်းအိမ်သာ တွေ့ရှိ

တရုတ်နိုင်ငံ၊ ရှန်ရှီးပြည်နယ်ထဲမှာ ပြီးခဲ့တဲ့နွေရာသီက နှစ်ပေါင်း ၂၄၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ရေလောင်းအိမ်သာတခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ အတည်ပြုနိုင်ခဲ့ကာ တရားဝင်ထုတ်ဖော်ပြသခဲ့ပြီလို့ နိုင်ငံပိုင်မီဒီယာ  China Daily သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီအိမ်သာဟာ ယွဲ့ယန်မြို့မှာရှိတဲ့ နန်းတော်တခုရဲ့ ပြိုလဲနေတဲ့ အပျက်အစီးတွေကြားမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ထီးနန်းပြိုင်ကာလ ဘီစီ ၄၂၄ နဲ့ ချင်မင်းဆက် ဘီစီ ၂၂၁ ဝန်းကျင်က အသုံးပြုခဲ့ကြတာလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

အခုတွေ့ရှိခဲ့တဲ့ ရေလောင်းအိမ်သာဟာ တရုတ်နိုင်ငံမှာ တူးဖော်ခဲ့တဲ့ ပထမဦးဆုံးနဲ့ တခုတည်းရှိတဲ့ ရေလောင်းအိမ်သာဖြစ်တယ်လို့ တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီဌာနက တရုတ်ရှေးဟောင်းသုတေသီ  မစ္စတာလျှိုလွေ့က ပြောပါတယ်။

“ဒီနေ့အချိန်မှာ အတည်ပြုလိုက်တဲ့ အဲဒီရေလောင်းအိမ်သာဟာ မိလ္လာစနစ်နဲ့ပတ်သက်ပြီး ရှေးခေတ် တရုတ်လူမျိုးတွေရဲ့ အရေးပါပုံကို အခိုင်အမာ သက်သေပြနေပါတယ်။ ပြီးတော့ အဲဒီအချိန်က ဇိမ်ခံပစ္စည်းတခုလည်း ဖြစ်နိုင်ပြီး အစေခံတွေအတွက် မဟုတ်ဘဲနဲ့ အုပ်ချုပ်တဲ့ လူတန်းစာတွေပဲ သုံးနိုင်တာဖြစ်လိမ့်မယ်။”

အဆိုပါ ရေလောင်းအိမ်သာကို တရုတ်နိုင်ငံမှာ ရှာဖွေမတွေ့ရှိခင်က ပထမဦးဆုံးဖြစ်တဲ့ ရေလောင်းအိမ်သာကို ၁၆ ရာစုမှာ ဆာဂျွန်ဟဲရင်တန်က တီထွင်ခဲ့တယ်လို့ အားလုံးသိထားကြတာဖြစ်ပြီး အခုချိန်မှာတော့ တရုတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိတဲ့ သက်တမ်း ၂၄၀၀ ကျော်ရှိ အဲဒီရေလောင်းအိမ်သာက အစောဆုံးဖြစ်တယ်လို့ သိပ္ပံကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

Photo: New York Post

Up