close

ပီရူးတွင် ကြက်ငှက်တုပ်ကွေးကူးစက်မှုမြင့်တက်၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ သက်တမ်းတိုး

ပီရူးနိုင်ငံက တောရိုင်းမျိုးစိတ်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်မှု မြင့်တက်လာတာကြောင့် ဖေဖော်ဝါရီ ၂၅ ရက်က ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင်အထိ အာဏာပိုင်တွေက သက်တမ်း တိုးမြှင့်လိုက်ပါတယ်။

ရောဂါပိုးကူးစက်မှု တွေ့ရှိခဲ့တဲ့ ဒေသ ၁၁ ခုထက် ကျော်လွန်ပြီး ဗိုင်းရပ်စ်ပျံ့နှံ့လာမှာကို အာဏာပိုင်တွေက စိုးရိမ်တဲ့အတွက် H5N1 ရောဂါပိုးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေကို ပီရူးစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ဒီနှစ်ကုန်အထိ  သက်တမ်းတိုးလိုက်တာလို့ နိုင်ငံပိုင်သတင်းအေဂျင်စီမှာ ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြပါတယ်။

မြို့တော် လီမာ ပိုင်နက်ထဲက ကမ်းခြေတွေမှာလည်း ငှက်တွေ၊ ပင်လယ်ဖျံတွေနဲ့ ဖျံငယ်တွေဟာ ရောဂါပိုးကူးစက်ခံရတာ ဒါမှမဟုတ် သေဆုံးနေကြတာကို တွေ့ရပါတယ်။

ဒီကြက်ငှက်တုပ်ကွေးရောဂါကြောင့် အနည်းဆုံး ပင်လယ်ဖျံ ၇၁၆ ကောင် သေဆုံးခဲ့တယ်လို့လည်း ပီရူးနိုင်ငံရဲ့ အမျိုးသားဘေးမဲ့တောဧရိယာဝန်ဆောင်မှုအဖွဲ့က အတည်ပြုပါတယ်။

အမျိုးသားသစ်တောနဲ့ တောရိုင်းဝန်ဆောင်မှုအဖွဲ့ (SERFOR) က ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်မှာ တိရစ္ဆာန်တွေကို ဆေးစစ်ခဲ့ပြီး ရောဂါပိုးကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့ ဒါမှမဟုတ် သေဆုံးနေတဲ့ ငှက်တွေကို တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေ မပါဘဲ မကိုင်တွယ်ဖို့ အာဏာပိုင်တွေက တားမြစ်ထားတယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

ပီရူးအစိုးရ အချက်အလက်တွေအရ ငှက်တွေမှာ ဒီဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်ပွားနေတာကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမဆုံး မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ ဒီကြက်ငှက်တုပ်ကွေးရောဂါကြောင့် ငှက်ပေါင်း ၆၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ သိရပါတယ်။

Up