close

အဏ္ဏဝါအမျိုးသားဥယျာဥ် လန်ပိကျွန်းတွင် အာဏာပိုင်များနှင့်ပေါင်းပြီး ရွှေထုတ်၊ သစ်ခုတ်၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း အဏ္ဏဝါအမျိုးသားဥယျာဥ် အဖြစ် သတ်မှတ်ထားတဲ့ လန်ပိကျွန်းနဲ့ အနီးတဝိုက် ပတ်ဝန်းကျင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေထုတ်လုပ်တာ၊ သစ်ခုတ်တာ၊ ငါးဖမ်းတာတွေကို စစ်ကောင်စီအာဏာပိုင်တွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေက ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇူလိုင်လကစတင်ပြီး ဖောင်တွေနဲ့ သဲအ‌မြောက်အမြား စုပ်ယူတာ၊ ဆပ်ခရုတွေကို အလွန်အကျွံဖမ်းဆီးတာတွေကို ပြန်လည်ပြုလုပ်လာတယ်လို့ ပြောပါတယ်။

အခုလုပ်ကိုင်နေတဲ့သူတွေက ဒေသအတွင်း စစ်ကောင်စီအာဏာပိုင်တွေနဲ့ ဆက်စပ်တဲ့သူတွေ ဖြစ်တဲ့အတွက် ဘယ်သူမှမတိုင်ရဲကြဘူးလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရေရှည်ထုတ်ယူသုံးစွဲခြင်းနည်းကို စနစ်တကျ အသုံးမပြုပါက ဂေဟစနစ်ပျက်စီးမှုကို အကြီးအကျယ် ဖြစ်ပေါ်လာနိုင်ပြီး ရေရှည်မှာ ‌ဒေသခံတွေရဲ့ လူမှုအကျိုးစီးပွားတွေကို ထိခိုက်လာနိုင်တယ်လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အာဏာမသိမ်းခင်အချိန်ထိ ‌ဒေသခံတွေနဲ့ NGO အဖွဲ့တွေ ပူးပေါင်းပြီး ထိန်းသိမ်းကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ထိရောက်မှုတွေရှိခဲ့ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိပညာပေးတဲ့သူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လန်းပိကျွန်းကို ၁၉၉၆ ဖေဖော်ဝါရီ ၂၈ ရက်မှာ အဏ္ဏဝါအမျိုးသားဥယျာဥ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်က အာဆီယံအမွေအနှစ်အဖြစ်လည်း သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။

Up