ကိုယ့်အိပ်မက်တွေအတိုင်း အောင်မြင်ခဲ့တာဟာ လူနည်းစုသာလုပ်နိုင်ဟု ဖီဖာအကောင်းဆုံး ဘောလုံးသမားဆုရှင် မက်ဆီ ပြော

ကိုယ့်ရဲ့အိပ်မက်တွေအတိုင်း အောင်မြင်မှုတွေရယူနိုင်ခဲ့တာဟာ လူနည်းစုသာလုပ်နိုင်ကြောင်း ဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရယူအပြီးမှာ အာဂျင်တီးနားနဲ့ PSG အသင်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီကပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကို အမ်ဘာပေနဲ့ ဘင်ဇီမာ တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။
ဘလွန်းဒီအောနဲ့ ဖီဖာတို့ ပူးပေါင်းချီးမြှင့်တဲ့ ဆုတွေအပါအဝင် မက်ဆီဟာ ဘလွန်းဒီအောနဲ့ ဖီဖာတို့ရဲ့အကောင်းဆုံးဆု ၇ ကြိမ်စီရယူနိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။
“ကျနော် အချိန်ကြာမြင့်စွာမျှော်လင့်ခဲ့တဲ့ အိပ်မက်တွေကို အောင်မြင်နိုင်ခဲ့တယ်။ ဒါမျိုးက လူအနည်းစုသာစွမ်းဆောင်နိုင်လို့ ကျနော်ဟာကံကောင်းတဲ့သူဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ဟာ အလွန်တရာကောင်းမွန်တဲ့အံ့အားသင့်စရာ နှစ်ဖြစ်ခဲ့ပြီး ဒီဆုကိုရယူနိုင်ခဲ့တာက ဂုဏ်ယူစရာကောင်း ပါတယ်။ အသင်းဖော်တွေရဲ့ ကူညီမှုမပါဘဲနဲ့ တော့ ဒီနေရာကို ရောက်မလာနိုင်ပါဘူး” လို့ မက်ဆီက ပြောပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့သလို ဗိုလ်လုပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲတလျောက် သွင်းဂိုး ၇ ဂိုးနဲ့ တိုက်စစ်မှူး အမ်ဘာပေပြီးရင် ဒုတိယသွင်းဂိုး အများဆုံး ဖြစ်ခဲ့ပါတယ်။
အမျိုးသမီးအကောင်းဆုံးဆုကို စပိန်က ပူတဲလက်စ်က ရယူနိုင်ခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို အာဂျင်တီးနားက မာတီနက်ဇ်၊ အမျိုးသမီးဂိုးသမားဆုကို အင်္ဂလန်က မယ်ရီအက်စ်တို့ ရှိပါတယ်။
အကောင်းဆုံးနည်းပြဆုကို အာဂျင်တီးနားနည်းပြ စကယ်လိုနီ၊ အမျိုးသမီးနည်းပြဆုကို အင်္ဂလန်အသင်းနည်းပြ ဆာရီနာဝီလ်မန်းတို့ရရှိပါတယ်။ နည်းပြ စကိုလာနီဟာ ပြိုင်ဖက်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာနဲ့ ရီရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီတို့ကို ဖြတ်ကျော်ပြီး ဆုကို ဆွတ်ခူးသွားတာဖြစ်ပါတယ်။
အသန့်ရှင်းဆုံးဆုကို ဂျော်ဂျီယာနောက်ခံလူ လိုချော့ဗီလီ၊ အကောင်းဆုံးဂိုးဆုဖြစ်တဲ့ ပွတ်ရှ်ကတ်စ်ဆုကို ပိုလန်မသန်စွမ်းဘောလုံးသမား မာချင်အိုလက်ခ်ဆီ၊ပရိသတ်ဆုကို အာဂျင်တီးနားပရိသတ် တွေက ရယူနိုင်ခဲ့ပါတယ်။