WFP က စားနပ်ရိက္ခာအကူအညီလျှော့ချမည့်အပေါ် ရိုဟင်ဂျာ ၁၂ ဖွဲ့ ကန့်ကွက်ရှုတ်ချ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာအကူအညီတွေ လျှော့ချမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ရိုဟင်ဂျာအရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က မတ် ၁ ရက်မှာ ပူးတွဲ ထုတ်ပြန်ပါတယ်။
ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာအဖွဲ့တွေက WFP ရဲ့ စားနပ်ရိက္ခာလျှော့ချဖို့ ဆုံးဖြတ်ချက်အပေါ် ရှုတ်ချပြီး ရိုဟင်ဂျာအသိုင်းအဝန်းအခြေပြုအဖွဲ့အစည်း (CBOs) တွေဟာ WFP ရဲ့ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်စိတ်ပျက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ရမ်ဇာန်ဥပုသ်လ မတိုင်ခင်မှာ အခုလို ဆုံးဖြတ်ချက်ချမှတ်လိုက်တာဟာ ဆိုးကျိုးတွေ များစေနိုင်ကြောင်းနဲ့ WFP အနေနဲ့ စားနပ်ရိက္ခာလျှော့ချလိုက်ပါက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမယ်လို့ လည်းဆိုပါတယ်။
အခုလို စားနပ်ရိက္ခာလျှော့ချတာဟာ ရိုဟင်ဂျာတွေအတွက် ဆိုးရွားတဲ့အခြေအနေကို ဖန်တီးသွားနိုင်ပြီး ကလေးအလုပ်သမား၊ လူကုန်ကူးမှု၊ အသက်မပြည့်ခင် လက်ထပ်ထိမ်းမြားမှုတွေ အပါအဝင် ပြင်းထန်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိနိုင်ပြီး တရားမဝင်လုပ်ငန်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေနဲ့ တည်ငြိမ်မှုမရှိတဲ့ ပတ်ဝန်းကျင်တွေ ဖြစ်လာနိုင်တယ်လို့လည်း ရိုဟင်ဂျာအဖွဲ့တွေက ထောက်ပြထားပါတယ်။
ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူတဦးအတွက် တလကို ၁၀ ဒေါ်လာ၊ တနေ့ကို ၀ ဒသမ ၃ ဒေါ်လာ၊ ထမင်းတနပ်ကို ၀ ဒသမ ၁ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ် ၁၀ ကာတာဟာ ရိုဟင်ဂျာတဦးအတွက် အစားသောက် လုံလောက်မှုရှိနိုင်မှာ မဟုတ်ဘူး ဆိုတာကို WFP အနေနဲ့ နားလည်စေလိုကြောင်း၊ WFP အနေနဲ့ သူတို့ဝန်ထမ်းတွေအတွက် မလိုအပ်တဲ့ ကုန်ကျစရိတ် အလေအလွင့်တွေအနေနဲ့ (ကိုယ်ပိုင် AC ကားတွေသုံးတာ၊ ကြယ် ၅ ပွင့်အဆင့် ဟိုတယ်တွေမှာ တည်းခိုတာ) စတဲ့ မလိုအပ်တဲ့ တခြားအသုံးစရိတ်တွေကို လျှော့ချပေးဖို့ တိုက်တွန်းအပ်တယ်လို့ ပါရှိပါတယ်။
ဒုက္ခသည်တွေရဲ့ ဘဝပြောင်းလဲခြင်း၊ ရှင်သန်ခြင်းထက် ဝန်ထမ်းတွေရဲ့ ဘဝပြောင်းလဲတိုးတက်ဖို့သာ လုပ်ဆောင်နေတာဟာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေအတွက် ကိုက်ညီမှုမရှိဘူးလို့ ရိုဟင်ဂျာအဖွဲ့တွေက ရေးသားထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့နဲ့ တခြားလုပ်ဆောင်မှုတွေရဲ့ ဆုံးဖြတ်ချက်တွေကို ရိုဟင်ဂျာ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ စခန်းတွင်းရှိ ဒုက္ခသည် လူထုရဲ့ အဓိကပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေက ပါဝင်နိုင်ဖို့ အလေးထားရမှာဖြစ်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် သက်ရောက်မှုရှိမှာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေအားလုံးမှာ ပါဝင်ခွင့်ပေးဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာဖြတ်တောက်မှုအတွက် ကူညီပေးဖို့အတွက်သာမက ရိုဟင်ဂျာတွေရဲ့ နေရပ်ပြန်ပို့ဖို့အတွက်ပါ နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီ တောင်းဆိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခု မတ်လကစပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို WFP က ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေကို ၁၇ ရာခိုင်နှုန်းအထိ စတင်လျှော့ချသွားမှာဖြစ်ပြီး လိုအပ်နေတဲ့ ရန်ပုံငွေတွေ မရဘူးဆိုရင် ဒီထက်ပိုပြီးလျှော့ချသွားမယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓာတ်ပုံ - UN