လီဗာပူးနှင့်ပွဲကို မေ့ပစ်ပြီး လက်ကျန်ပွဲ ရလဒ်ကောင်းပြန်ယူရန် ဖာနန်ဒက်စ် တိုက်တွန်း

လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို မေ့ပစ်ပြီး လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းပြန်ယူဖို့ ကွင်းလယ်လူ ဖာနန်ဒက်စ်က တိုက်တွန်းလိုက်ပါတယ်။
မန်ယူအသင်းဟာ အမ်ဖီးလ်မှာ လီဗာပူးကို ၇ ဂိုး ဂိုး မရှိနဲ့ စံချိန်တင်ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ လာမယ့်ပွဲစဉ်တွေကိုသာ အာရုံစိုက်ဖို့ မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်က တိုက်တွန်းခဲ့တာပါ။
လီဗာပူးနဲ့ပွဲစဉ်က ခြေစွမ်းဟာ အသင်းရဲ့အဆင့်အတန်း မဟုတ်ကြောင်း၊ အသင်းသားတွေအနေနဲ့ ဘယ်လောက်အထိအရည်အချင်း ရှိသလဲဆိုတာနဲ့ ဘယ်လောက်အထိ ကောင်းမွန်အောင် ကစားနိုင်သလဲဆိုတာ အားလုံးသိရှိထားပြီး လာမယ့်ပွဲစဉ်တွေကိုပဲ အာရုံစိုက်ဖို့လိုကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။
လီဗာပူးနဲ့ပွဲစဉ်မှာ နေရာယူမှုတွေမှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီး ထိန်းချုပ်နိုင်မှု ပျောက်ဆုံးခဲ့တာ က ဂိုးပြတ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်းလည်း ဖာနန်ဒက်စ်က ဝန်ခံစကား ဆိုသွားပါတယ်။