close

မာလာဝီနိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် လူ ၄၀ ထက်မနည်းသေဆုံး

အရှေ့အာဖရိက ကုန်းတွင်းပိတ် မာလာဝီနိုင်ငံမှာ အပူပိုင်းမုန်တိုင်း ဖရက်ဒ်ဒီကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ခံရပြီး မတ်လ ၁၂ ရက်အထိ  လူ ၄၀ ထက်မနည်း သေဆုံးတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဘလန့်တိုင်းယားမြို့ရှိ လူနေရပ်ကွက်တခုမှာ ရွှံ့ရေတွေနဲ့ ဖုံးလွှမ်းခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖို့ ကျောက်တုံးတွေကို တူးဖော်ခဲ့ကြပါတယ်။

မုန်တိုင်းဖရက်ဒ်ဒီဟာ မတ်လ ၁၁ ရက်က မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက် တိုက်ခတ်ခဲ့ပြီး အဆောက်အဦတွေပေါ်က ခေါင်မိုးတွေ ကျွတ်ထွက်ကုန်ကာ ခယ်လာမားနား ဆိပ်ကမ်းတဝိုက်မှာ နေရာအနှံ့ ရေလွှမ်းမိုးမှုတွေခဲ့ပြီး နောက်မှာတော့ ကုန်းတွင်းပိုင်းဘက်ကို ဝင်ရောက်သွားခဲ့တာပါ။

မာလာဝီနိုင်ငံထဲမှာတော့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

မာလာဝီနိုင်ငံဟာ သမိုင်းတလျှောက် လူသေဆုံးမှုအများဆုံး ကာလဝမ်းရောဂါဖြစ်ပွားမှုကို ရင်ဆိုင်နေရတာဖြစ်ပြီး အခုလည်း မုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့်လည်း အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးထားပါတယ်။

အပူပိုင်းမုန်တိုင်း ဖရက်ဒ်ဒီဟာ တောင်ပိုင်းကမ္ဘာခြမ်းမှာ မှတ်တမ်းတင်ဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းတွေထဲက တခုဖြစ်ပြီး သက်တမ်းအကြာဆုံး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ အဆိုအရ သိရပါတယ်။

Up