close

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်ချိန် မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည် ပစ်ခတ်တုံ့ပြန်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ၅ နှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို မတ်လ ၁၃ ရက်က စတင်ခဲ့ပြီး မတ်လ ၁၄ ရက် ဒီကနေ့မနက်မှာ မြောက်ကိုရီးယားက ရေငုပ်သင်္ဘာပေါ်ကနေ ခရုဇ်ဒုံးကျည်တစင်း ပစ်ခတ်ကာ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ပိုမိုကြီးထွားလာတဲ့အချိန်မှာ အခုလို စစ်ရေးလေ့ကျင့်မှုလုပ်တာဟာ စစ်ကြေညာ​တာဖြစ်တယ်လို့ မြောက်ကိုရီးယားက သတိပေးပြောဆိုခဲ့တဲ့အချိန်မှာပဲ အခုလို စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ ​တောင်ကိုရီးယားတို့က မတ်လ ၂၃ ရက်အထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးရန်စမှုတွေကြောင့် ပြောင်းလဲလာမယ့် လုံခြုံရေးအခြေအနေတွေကို အဓိက အာရုံစိုက်သွားမှာဖြစ်တယ်လို့ နှစ်နိုင်ငံ စစ်ဘက်ရေးရာ တာဝန်ရှိသူတွေက နိုင်ငံပိုင်မီဒီယာတွေကို ပြောဆိုထားပါတယ်။

စစ်ရေးလေ့ကျင့်မှု မစတင်ခင်က မြောက်ကိုရီးယားရဲ့ အရေးပါတဲ့ နေရာ၊ အဆောက်အဦတွေကို တိကျစွာ ပုံဖော်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုတခုကိုလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က တောင်ကိုရီးယားက ပြုလုပ်ခဲ့ပြီး အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှု အကုန်လုံးက မြောက်ကိုရီးယားကို ကျူးကျော်ဖို့ လေ့ကျင့်နေတာသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ရှုတ်ချပြောဆိုထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေကို မြောက်ကိုရီးယားက ပစ်ခတ်တုံ့ပြန်ခဲ့ပါတယ်။

Up