ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း လူထုစုဝေးပွဲပြုလုပ် မဲဆွယ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းဟာ မတ်လ ၁၃ ရက်က လာဟိုးမြို့မှာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်ဖို့ လူထုစုဝေးပွဲတခုကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
စုဝေးပွဲဟာ ဇာမန်ပန်းခြံရှိ အင်မ်ရန်ခန်းရဲ့ နေအိမ်ကနေ စတင်ခဲ့ပြီး ထောက်ခံသူတွေဟာ မော်တော်ယာဉ်တွေနဲ့ရော ခြေလျင်နဲ့ပါ ကီလိုမီတာပေါင်းများစွာ ကွာဝေးတဲ့ လာဟိုးရှိ Data Darbar နတ်ကွန်းဆီကို ပါတီအလံတွေ ဝှေ့ယမ်းပြီး ခရီးနှင်ခဲ့ကြပါတယ်။
အင်မ်ရန်ခန်းဟာ သူ့ရဲ့ကားထဲကနေ လူထုအစုအဝေးကို မိန့်ခွန်းပြောကြားခဲ့ပြီး သူနဲ့ သူ့ရဲ့ ထယ်ရီကီအင်ဆာ့ဖ်ပါတီက တခြားခေါင်းဆောင်တွေကို ရွေးကောက်ပွဲတွေကနေ မောင်းထုတ်ဖို့ အစိုးရက အမှုတွေ ဖန်တီးလုပ်ဆောင်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ သူဟာ မတ်လ ၁၉ ရက်မှာ လူထုစည်းဝေးပွဲကြီး ကျင်းပမယ်လို့လည်း ကြေညာခဲ့ပါတယ်။
အင်မ်ရန်ခန်းဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စတင်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး အစိုးရက နောက်ပိုင်းမှာ တားမြစ်ခဲ့တာပါ။ အဲဒီပွဲမတိုင်ခင် မတ်လ ၈ ရက်က လာဟိုးမြို့ အရှေ့ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တနင်္လာနေ့ လူထုစုဝေးပွဲ ပေါ်ပေါက်လာတာပါ။
ပဋိပက္ခတွေကြောင့် နှစ်ဖက်စလုံးက လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရဝန်ကြီးတဦးနဲ့ သူ့ရဲ့ပါတီက ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းဟာ မနှစ်က ပါလီမန်မှာ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး မဲဆန္ဒနဲ့ ဖြုတ်ချခံခဲ့ရပြီးကတည်းက ရွေးကောက်ပွဲရက်ကို စောပြီးကျင်းပပေးဖို့ တောင်းဆိုနေခဲ့တာပါ။
သူ့ကိုဆက်ခံတဲ့ ဝန်ကြီးချုပ်အသစ်ကလည်း တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲတွေကို အခုနှစ်နှောင်းပိုင်းမှာ ကျင်းပသွားမယ်လို့ ပြောကြားထားပါတယ်။