close

နိုင်ငံခြားခရီးသွားများအတွက် တရုတ်နိုင်ငံက နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးမည်

တရုတ်နိုင်ငံမှာ ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာခွင့်ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို နိုင်ငံခြားခရီးသွားတွေ ဗီဇာအမျိုးမျိုးနဲ့ ဝင်ရောက်လည်ပတ်နိုင်ဖို့ မတ် ၁၅ ရက်ကစပြီး ပြန်ဖွင့်ပေးတော့မယ်လို့ တရုတ်အစိုးရက ထုတ်ပြန် ကြေညာပါတယ်။

ကိုဗစ်ကပ်ရောဂါတွေ မဖြစ်ပွားခင်တည်းက ဗီဇာမလိုတဲ့ နိုင်ငံဒေသတွေဖြစ်တဲ့ ခရီးသွားကျွန်း ဟိုင်နန်၊ ခရီးသွားသင်္ဘောတွေ ဖြတ်သန်းသွားရမယ့် ရှန်ဟိုင်းဆိပ်ကမ်း၊ ဂွမ်ဒေါင်း၊ ဟောင်ကောင်၊ မကာအိုနဲ့ တချို့နေရာတွေအတွက် အခုလည်း ဗီဇာမလို သွားလာခွင့် ပြုကြောင်း၊ ၂၀၂၀ ခုနှစ် မတ် ၂၈ မတိုင်ခင် ထုတ်ပေးထားတဲ့ ဗီဇာကိုင်ဆောင်ထားသူ နိုင်ငံခြားသားတွေဟာ သက်တမ်းတိုးစရာ မလိုသေးဘဲ တရုတ်နိုင်ငံထဲ လာခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် တခုတည်းမှာ ရာစုနှစ်တဝက်တာကာလအတွင်း အဆိုးရွားဆုံးအဖြစ် တရုတ်စီးပွားရေး အကျိုးအမြတ်ဟာ ဒေါ်လာ ၁၇ ဘီလီယံအထိ ကျဆင်းသွားခဲ့တာကို ပြန်လည်မြှင့်တင်နိုင်ဖို့အတွက် ပြည်ပခရီးသွားလုပ်ငန်းတွေက ဝင်ငွေပြန်ရဖို့ အခုလို စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါရဲ့ ဖြတ်သန်းသွားလာခွင့် တားမြစ်ချက်တွေကြောင့် ၂၀၂၂ ခုနှစ်က နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားလာသူပေါင်း ၁၁၅ ဒသမ ၇ သန်း ရှိခဲ့ရာမှာ နိုင်ငံခြားသား ၄ ဒသမ ၅ သန်းသာရှိခဲ့ပြီး ကိုဗစ်မဖြစ်မီ ၂၀၁၉ ခုနှစ်က နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ သန်း ၆၇၀ နဲ့ နိုင်ငံခြားသား ၉၇ ဒသမ ၇ သန်း ရှိခဲ့တဲ့အတွက် အရင်စံချိန်ကို ပြန်မီဖို့ တရုတ်အစိုးရဘက်က အခုလို စီစဥ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ ကိုဗစ်ရောဂါကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီလို့ ကြေညာပြီး တလအကြာမှာ ၃ နှစ်နီးပါး ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ နိုင်ငံခြား ခရီးသွားတွေကို ပြန်လည်ဝင်ရောက်လည်ပတ်နိုင်စေဖို့ ခွင့်ပြုပေးခဲ့တာလို့ လတ်တလော သိရပါတယ်။

Up