close

ညောင်ရွှေစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက ဖိအားပေးပြီး နေရပ်ပြန်ခိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ထဲမှာရှိတဲ့ အိုင်ဒီပီစခန်းတွေမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အခုရက်ပိုင်းအတွင်း လာရောက်ပြီး ဖိအားပေး အတင်းအကျပ် နေရပ်ပြန်ခိုင်းနေတယ်လို့  စစ်ရှောင်စခန်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ညောင်ရွှေမြို့နယ်ထဲမှာ စစ်ရှောင်စခန်း ၅၃ ခုရှိပြီး စစ်ဘေးရှောင်နေရတဲ့ပြည်သူ ၄,၀၀၀ ကျော်ရှိကာ အခုလို စစ်တပ်က ဖိအားပေးတဲ့အတွက် စစ်ရှောင်စခန်းတချို့ ပိတ်ခဲ့ရပြီး လက်ရှိမှာ ၂၄ နေရာသာ ကျန်တော့တယ်လို့ သိရပါတယ်။

စခန်းတာဝန်ခံတယောက်က “မတ်လ ၂၁ ရက် မနက်ပိုင်းက ထွေအုပ်နဲ့ ရဲတွေက စစ်ရှောင်စခန်းကို ရောက်လာပြီး စခန်းမှာရှိတဲ့လူတွေကို ပြန်ခိုင်းတယ်။ သူတို့က စစ်ရှောင်စခန်းတွေမှာ လူမရှိစေချင်တဲ့သဘော။ နေရပ်မပြန်ချင်ရင် တခြားနေရာမှာ အိမ်ငှားပြီး နေပါလို့လည်း ပြောသွားတယ်။ စစ်ရှောင်တွေဖြစ်တဲ့အတွက် သူတို့မှာ တခြားနေရာတွေမှာ ငှားရမ်းနေထိုင်ဖို့ အခက်အခဲရှိတယ်လေ” လို့ ပြောပါတယ်။

ညောင်ရွှေမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေက ရှမ်း-ကယားနယ်စပ်နဲ့ ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်သူတွေ အများဆုံးဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ အခက်အခဲ ရှိနေကြတာပါ။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက စစ်ရှောင်စခန်းတွေကို ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသလို အဲဒီထဲက တယောက်ကိုတော့ ပုဒ်မ ၅၅(ဃ) နဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကာ ကျန်တဲ့ ၂ ယောက်ကို ဘယ်မှာထိန်းသိမ်းထားတယ် ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာ မသိရပါဘူး။

Up