close

ဖိလစ်ပိုင်တွင် အမေရိကန်စစ်အခြေစိုက်စခန်းများ ထားရှိမှုကို တရုတ်ဝေဖန်

နိုင်ငံတွေအကြား ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဟာ တတိယပါတီတွေရဲ့ အကျိုးစီးပွားကို ပစ်မှတ်ထားခြင်း သို့မဟုတ် ထိခိုက်စေခြင်းမျိုး မဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်မှာ အမေရိကန်က တပ်စွဲထားတဲ့ စစ်အခြေစိုက်စခန်းသစ်များဆိုင်ရာ သဘောတူညီချက်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အမေရိကန်ဘက်က သူ့ရဲ့အကျိုးစီးပွားတွေအတွက် ဒေသတွင်းမှာ စစ်အင်အားဖြန့်ကျက်မှုကို အားကောင်းအောင် လုပ်ဆောင်နေတာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ တိုးမြင့်လာပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ သတိရှိကြဖို့နဲ့ အမေရိကန်ရဲ့ ဓားစာခံရှာခြင်းကို ရှောင်ကြဉ်နိုင်ကြဖို့လည်း ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက တောင်တရုတ်ပင်လယ်နဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ်တခု အပါအဝင် ဖိလစ်ပိုင်နိုင်ငံရဲ့ အစိတ်အပိုင်းအသီးသီးမှာ အမေရိကန်နဲ့ ကာကွယ်ရေးသဘောတူညီချက်အရ စစ်အခြေစိုက်စခန်းအသစ် ၄ ခုကို ထားရှိမှာဖြစ်ကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ အင်အားဖိသုံးလာတဲ့ကြားကနေ ထွက်ပေါ်လာတဲ့ ၂၀၁၄ ခုနှစ် တိုးမြှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (EDCA) အရ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဟာ လက်ရှိတည်နေရာ ၅ ခုမှာ ပြီးခဲ့တဲ့လက အမေရိကန်ကို ဝင်ရောက်ခွင့်ပေးခဲ့တာပါ။

တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေဒုန်ဟာ မတ် ၂၂ ရက်ကနေ ၂၄ ရက်အထိ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။

ရေပိုင်နက်အငြင်းပွားမှုတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း အပါအဝင် နှစ်နိုင်ငံအကြား အရေးကြီးတဲ့ သဘောတူညီမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး အကောင်အထည် ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်က ပြောပါတယ်။

Up