close

ထိုင်းနိုင်ငံတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနောက်ဘက် ပက်ချာဘူရီခရိုင်မှာ  အမျိုးသားတဦးက သေနတ်ပစ်ခတ်ခဲ့လို့ ပစ္စည်းပို့တဲ့ ဆိုင်ကယ်သမား အပါအဝင် လူ ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မတ်လ ၂၂ ရက် မနေ့မွန်းလွဲ ၁ နာရီခွဲလောက်ကစတင်ပြီး  ပက်ချာဘူရီခရိုင် တုန်မက်မုန့်အုပ်စုရှိ လူနေရပ်ကွက်တခုမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးက သေနတ်နဲ့ ပစ်ခတ်လို့ လက်နက်ကိုင်ရဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ လောက်က အဆိုပါနေအိမ်ကို  အချိန် ၁၅ နာရီလောက် ကြာအောင် ဝိုင်းထားခဲ့ရပါတယ်။

ပစ်ခတ်မှုတွေကြောင့် အခင်းဖြစ်ရာ နေအိမ်အနီးရှိ ကလေးငယ်စောင့်ရှောက်ရေးစင်တာက ကလေးငယ် ၄၀ လောက်ကို ကလေးမိဘတွေနဲ့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သေနတ်သမားဟာ အမျိုးသားပန်းဥယာဉ်ဌာနက  အရာရှိ အနုဝတ်ဝိန်ထောင်ဖြစ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့  အိမ်နီးချင်းတွေနဲ့ အမှုရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

ပက်ချဘူရီ ရဲမှူးဝမ်ချိုင်းခေါင်ရမ်ရဲ့ အဆိုအရ သေနတ်သမားဟာ စိတ်ဖိစီးနေပုံရပြီး သူဟာ သူ့ရဲ့အိမ်နီးချင်းနဲ့ ရင်ဆိုင်နေရတဲ့အမှုအတွက် တရားရုံးကို သွားရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အနုဝတ်ရဲ့ မိခင်ဖြစ်သူက  အခင်းဖြစ်ပွားရာနေရာကိုရောက်လာပြီး သားဖြစ်သူကို လက်နက်ချဖို့ အသံချဲ့စက်နဲ့ အော်ကာ တောင်းပန်ခဲ့ပေမဲ့ အနုဝပ်က တော့ လက်နက်မချခဲ့ပါဘူး။

ဒီမနက် ၄ နာရီလောက်မှာတော့  ရဲကွန်မန်ဒိုတွေက နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာ နေအိမ်ရဲ့ ဒုတိယထပ်မှာ အနုဝတ်ကို ရဲတပ်ဖွဲ့ဝင် တယောက်က အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။  

သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သူနဲ့ အမှုဖြစ်နေတဲ့ အသက် ၂၁ နှစ်အရွယ် တရားလို နှစ်ယောက်နဲ့ အသက် ၂၇ နှစ်အရွယ် ပစ္စည်းပို့တဲ့ ဆိုင်ကယ်သမားတယောက် ပေါင်း ၃ ယောက် သေဆုံးသွားပါတယ်။

ဒါ့အပြင် ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိသူတယောက်၊ ရဲအရာရှိတယောက်နဲ့ တခြားတယောက် တို့လည်း ဒဏ်ရာရသွားတယ်လို့ ထိုင်းရဲက ပြောပါတယ်။

Ref: Bangkok Post/ The Nation/ Khaosod

Up