close

ရေးမြို့နယ်တွင် အမျိုးသား ၂ ယောက် ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းမကြီး၊ အောင်သာယာကျေးရွာနဲ့ ကနင်ကမော့ ကျေးရွာအကြား ရာဘာခြံတခြံမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းကို ဧပြီ ၃ ရက် မွန်းလွဲ ၂ နာရီခွဲက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ဒေသခံ ဦးအောင်စိုးဖြစ်ပြီး ဦးခေါင်းပွင့်ဒဏ်ရာနဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာ နှစ်ချက် ရရှိသေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်နဲ့ နီးစပ်သူတဦးက “သူက အိမ်ကနေ မနေ့မနက်ကတည်းက ခြံမှာရှိနေတာ၊ သူက လမိုင်းမြို့မ ၂ ရပ်ကွက်မှာ နေထိုင်ပြီး ခြံအလုပ်လုပ်တယ်။ သူက သာမန်အရပ်သား တယောက်ပါ။ သူ့ဆိုင်ကယ်ပါ မီးရှို့ထားခံရတယ်” လို့ ပြောပါတယ်။

သေဆုံးသူအလောင်းကို လမိုင်းဆေးရုံ ရင်ခွဲရုံမှာ ထားရှိပြီး အခုလို သေနတ်ပစ်ခတ်ခံရပြီး ဦးအောင်စိုးကို ဘယ်သူတွေက ဘာကြောင့် ပစ်ခတ်သတ်ဖြတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီလောက်မှာလည်း ရေးမြို့နယ် အောင်သာယာရွာအနီးနားမှာပဲ အမျိုးသားတယောက် ဆိုင်ကယ်တစီးနဲ့အတူ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လူတဦး မှောက်လျက်လဲနေကြောင်း သတင်းရလို့ ရွှေဟင်္သာလူမှုကူညီရေးအသင်းက သွားရောက်ပြီး လူနာဒဏ်ရာ ရှာဖွေကြည့်ရာက ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရလို့ အလောင်းကို လမိုင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဒေသခံတဦးက “သေဆုံးသူဟာ မနေ့ညနေကတည်းက အိမ်ကနေထွက်သွားပြီး ခြံသွားတာ။ ကိုနိုင် အသက်က ၄၆ ဖြစ်တယ်။ မော့ကနင်ရွာသစ်ကျေးရွာခွဲ ခေါင်းဆောင်လည်းဖြစ်သလို သူ့ရဲ့ခြံရှေ့မှာပဲ ဒီကနေ့ တိုက်ပွဲကဖြစ်တော့ သူ့ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်။ သူ့အလောင်းက အခု လမိုင်းဆေးရုံမှာထားပြီး မနက်ဖြန်မှ ထုတ်ခွင့်ပေးမယ်” လို့ ပြောပါတယ်။

အဲနေရာမှာ တိုက်ပွဲမကြာခဏဖြစ်ပြီး ကားလမ်းအနောက်ဘက်မှာ စစ်ကောင်စီတပ်က နေရာယူ ကင်းပုန်းဝပ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေး-သံဖြူဇရပ် ကားလမ်းမှာ ပြီးခဲ့တဲ့ရက်ကလည်း စစ်ကောင်စီယာဉ်တန်း ရေးကနေ မော်လမြိုင်ဘက်ကို သွားနေစဥ်မှာ PDF ပူးပေါင်းအဖွဲ့နဲ့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပြီး  ခရီးသွားယာဥ်တွေလည်း ရာနဲ့ချီပိတ်မိနေခဲ့ကာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံခရီးသွားတွေက ပြောပါတယ်။

ဧပြီ ၁ ရက် မနက်ကလည်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တွေကြား ပစ်ခတ်နေစဥ် အတွင်း လမိုင်းဒေသခံလင်မယားနှစ်ယောက်လည်း သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိထားပါတယ်။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းကို ခရီးသွားလာသူတွေအနေနဲ့ စစ်ကောင်စီရဲ့ ယာဥ်ကားတွေနဲ့ အတူ ကပ်မလိုက်ကြဖို့၊ ခပ်ဝေးဝေးရှောင်ပြီး သတိထားပြီး သွားလာကြဖို့ PDF တွေက တိုက်တွန်းထားပါတယ်။

Up