close

နေပြည်တော်သင်္ကြန်တွင် ယိမ်းအဖွဲ့ လူအင်အား ၁၀၀၀ ခန့်ဖြင့် ဖျော်ဖြေရန် စစ်ကောင်စီ စီစဉ်နေ

စစ်ကောင်စီရဲ့ အဓိက အခြေစိုက်ရာ နေပြည်တော်မှာ အခုနှစ် သင်္ကြန်ပွဲတော်ကို ယိမ်းအဖွဲ့ပေါင်း ၄၀ နီးပါး လူအင်အား ၁၀၀၀ လောက်နဲ့ ကပြဖျော်ဖြေပြီး စည်ကားအောင် စီစဉ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အခုနှစ် သင်္ကြန်ပွဲကို အရင်နှစ်တွေကထက်ပိုစည်ကားအောင် ပြုလုပ်လိုနေတာဖြစ်ပြီး လက်ရှိအချိန်မှာ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်ကို ဆောက်လုပ်ပြီးသွားပြီလည်း ဖြစ်ပါတယ်။

မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေဖို့အတွက် ဝန်ကြီးဌာနတွေနဲ့ မြို့နယ်တွေအလိုက် ယိမ်းအဖွဲ့တွေတ တောင်းထားပြီး ယိမ်းအဖွဲ့ပေါင်း ၃၈ ဖွဲ့  လူအင်အား ၁၀၀၀ လောက်နဲ့  ဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနတစ်ခုက ဝန်ထမ်းတစ်ဦးက “သူတို့ကတော့ အဓိက လူတွေ အေးအေးဆေးဆေး ဖြစ်နေကြပြီ။ အားလုံးပျော်နေကြတယ်။ အဲဒီလိုပုံမျိုးဖြစ်အောင် စီစဉ်နေတာပေါ့။ တချို့ဝန်ကြီးဌာန‌တွေကဆို ယိမ်းအကတိုက်ရတာ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်ကတည်းက။ ဒီဂျေတွေလည်း ငှားထားတယ် ပြောတယ်။ ဒီနေပြည်တော်က လူတွေကတော့ အိမ်မှာပဲနေမယ့်သူတွေရှိသလို ထွက်လည်မယ့်သူတွေလည်း ရှိမှာပါပဲ” လို့ ပြောပါတယ်။

နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို မဟာသင်္ကြန်အကြိုနေ့ မနက်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပြီး သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့တွေမှာလည်း ဖျော်ဖြေရေးနဲ့ ရေကစားခြင်းတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်္ကြန်အကြိုနေ့မှစပြီး ပျဉ်းမနား-တောင်ညိုလမ်းမပေါ် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးကနေ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဇုန် ၄ ခု သတ်မှတ်ထားပါတယ်။ 

အဲဒီနေရာမှာ တိုင်းသားရိုးရာသင်္ကြန်အစီအစဉ်တွေ၊ ဝန်ကြီးဌာနတွေက သင်္ကြန်မဏ္ဍပ်တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေ၊ လူငယ်နဲ့ ကလေးတွေအတွက် ဆပ်ပြာအမြှုပ်နဲ့ ရောင်စုံအမှုန့်တွေ ပက်ဖျန်းကစားတဲ့ အစီအစဉ်တွေ၊ ဂိမ်းကစားစရာတွေ၊ DJ Party တွေ၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်ခန်းတွေ၊ နားနေရန်နေရာတွေကိုလည်း စီစဉ်နေပါတယ်။

Up