close

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပူးပေါင်းပြီး ရေငုပ်သင်္ဘောတိုက်ခိုက်ရေး လေ့ကျင့်

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ရေတပ်တွေဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်စွမ်းဆောင်ရည်အတွက် ပိုကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်ထားမှု ဖြစ်ဖို့ ဧပြီ ၄ ရက်က ရေငုပ်သင်္ဘောတိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က အရှေ့တောင်ဘက်က ဘူဆန်ကို ရောက်ရှိလာခဲ့တဲ့ USS Nimitz လေယာဉ်တင်သင်္ဘောကြီး ဦးဆောင်တဲ့ ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့လည်း ပါဝင်တဲ့ ၂ ရက်တာ စစ်ရေးလေ့ကျင့်မှုတွေကိုတောင်ကိုရီးယားတောင်ပိုင်းရှိ ဂျယ်ဂျူကျွန်းက နိုင်ငံတကာရေပိုင်နက်မှာ ဧပြီ ၃ ရက်ကစပြီး ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားဟာ သစ်လွင်ပြီး ပိုသေးငယ်တဲ့ နျူးကလီးယား ထိပ်ဖူးအသစ်တွေကို ထုတ်ပြခဲ့ပြီး သူ့ရဲ့လက်နက်တိုက်ကို တိုးချဲ့ထည့်သွင်းဖို့ လက်နက်အဆင့်ရှိ နျူးကလီးယားပစ္စည်းတွေကို ထုတ်လုပ်ဖို့ ကတိပြုလိုက်ပြီး နျူးကလီးယား စွမ်းဆောင်ရည်ရှိ ရေအောက်တိုက်ခိုက်ရေး ဒရုန်းလက်နက်ကိုလည်း ထုတ်ကြွားခဲ့တာကြောင့် ခုလို ၃ နိုင်ငံပေါင်း ရေတပ်လေ့ကျင့်ရေးကို လုပ်လာတာပါ။

အခုတပတ် လေ့ကျင့်ခန်းတွေဟာ မြောက်ကိုရီးယားရဲ့ ရေအောက်ခြိမ်းခြောက်မှုတွေကို ရှာဖွေတွေ့ရှိပြီး ခြေရာခံဖျက်ဆီးဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေကို တိုးတက်စေဖို့ မိုဘိုင်းလ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးကို အသုံးပြုခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် ၃ နိုင်ငံတို့ဟာ မြောက်ကိုရီးယားရဲ့ ကြိုတင်မခန့်မှန်းနိုင်တဲ့ မကြာခဏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကြောင့် တင်းမာမှုတွေ ရှိနေတဲ့ကြားမှာ ၅ နှစ်အတွင်း ပထမဆုံးအဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလက ၃ နိုင်ငံပေါင်း ရေငုပ်သင်္ဘောဆန့်ကျင်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပါတယ်။

Up