close

ထိုင်းရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၅၇ ပါတီထိရှိလာ၊ ဝန်ကြီးချုပ်လောင်းအဖြစ် ၁၁ ဦးလျာထား

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်နေကြရာမှာ  ဧပြီ ၅ ရက် အထိ မှတ်ပုံလာတင်တဲ့ နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီရှိသွားပြီလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

မနေ့ကမှ လာရောက်မှတ်ပုံတင်တဲ့ ပါတီသစ် ၅ ခုရှိပြီး သူတို့ပါတီထဲက ဝန်ကြီးချုပ်လောင်းတွေ အဖြစ် လျာထားသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

ပါတီအများစုက ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် လျာထားပြီး တချို့ပါတီထဲမှာတော့ လျာထားသူ ၃ ဦးထိ ရှိနေပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့သမီးငယ် ဖဲထောင်းထန်း ဦးဆောင်သော ဖွေ့ထိုင်းပါတီ ကလည်း သူတို့ပါတီထဲက ဝန်ကြီးချုပ်အဖြစ် လျာထားတဲ့ ပုဂ္ဂိုလ် ၃ ဦး အမည်ကို မနေ့ည မိုင်းထောင်းဌာနီမှာ ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ထုတ်ပြန်လိုက်ပါတယ်။ 

အဆိုပါ ၃ ဦးမှာ  ဖဲထောင်းထန်း ရှင်နာဝပ်၊ ဆေထာထဝီးဆင်နဲ့ ချိုင်းကဆိမ်နိသီဆီရီ တို့ဖြစ်ပါတယ်။

သူတို့ပါတီသာ အနိုင်ရခဲ့ရင် ပြည်သူတွေရဲ့ စီးပွားရေးကို အဓိကမြှင့်တင်ပေးမှာဖြစ်ကြောင်း၊ နေ့တွက်လုပ်အားခ ဘတ် ၆၀၀ ၊ လူတဦးလျှင် ဝင်ငွေ ၁ လ ဘတ် ၂၀၀၀၀ နဲ့အထက်ရှိရမှာဖြစ်ပြီး အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်းကို ဘတ်ငွေ ၁၀၀၀၀ ဒီဂျစ်တယ်လ်ငွေဖြည့်ပေးမှာဖြစ်ကြောင်း မက်လုံးပေး မဲဆွယ်နေပါတယ်။

ဒါ့အပြင် အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရဝန်ထမ်း ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဆောင်ရွက်ပြီး  လက်ရှိဒုဝန်ကြီး ပရဝစ်ဝုန်းဆုဝမ်း ဦးဆောင်သော ဖရန်းပချားရတ် (စစ်အာဏာရှင်) ပါတီနဲ့တော့ လုံးဝပူးပေါင်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။ 

လူငယ်တွေကြားရေပန်စားတဲ့ ကောက်ကလိုင် ပါတီ Future Forward Party ကတော့ လူထုတွေ့ဆုံပွဲအခမ်းအနားတွေမလုပ်ဘဲ လမ်းဘေးတွေမှာ မတ်တပ်ရပ်ကာ လော်စပီကာနဲ့ အော်ဟစ်စည်းရုံးနေကြပါတယ်။ 

ဒီနည်းဟာ အကုန်အကျသက်သာပြီး ပြည်သူလူထုနဲ့ ပိုမိုနီးစပ်ကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူတွေကလည်း သူတို့ပါတီမူဝါဒအကြောင်း တိုက်ရိုက်လာမေးကြပြီး တချို့က သောက်ရေတွေ၊ ပန်းစည်းတွေနဲ့ လာအားပေးကြတယ်လို့ ဆိုပါတယ်။

ပါတီတွေ အနိုင်ရရင် ပြည်သူတွေအတွက် ဆောင်ရွက်ပေးမယ့်အရာတွေနဲ့ပတ်သက်လို့ ချနယ်လ် ၃ တီဗွီသတင်းက ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်မြို့မှာ ဒီဘိတ်စကားပြောပွဲတစ်ခု ဧပြီ ၄ ရက်ညက ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဒီဘိတ်မှာ ဖွေ့ထိုင်၊ ကောက်ကလိုင်၊ ဖရန်းပချားရတ်၊ ထိုင်းဆန့်ထိုင်း၊ ဖုမ်ကျိုင်ထိုင်း၊ ရုမ့်ထိုင်းဆန့်ချတ် အစရှိတဲ့ ထင်ရှားတဲ့ ပါတီကြီး ၆ ခုက ကိုယ်စားလှယ်တွေနဲ့  တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီဘိတ်မစခင် ဒေသထဲက ပြည်သူလူထုတွေအနေနဲ့ သူတို့တွေ့ကြုံရတဲ့ အခက်အခဲနဲ့ ပါတီတွေအပေါ် မျှော်လင့်ချက်တွေ ထုတ်ဖော်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင် ပြသပါတယ်။ 

အလွှာအသီးသီးက ပြည်သူတွေ ပြောဆိုချက်မှာ လယ်ယာထွက်ကုန်လုပ်ငန်း အရင်းအနှီးများပြီး ဈေးကွက်နည်းတဲ့အကြောင်း၊ ဒေသထဲမှာ အလုပ်အကိုင်အခွင့်လမ်းနည်းပါးလို့ မြို့ပြတွေမှာ သွားရောက်ရှာဖွေစားသောက်ရတဲ့အကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရာသီဥတု ဖောက်ပြန်တဲ့ပြဿနာ၊ ကြွေးမြီပြဿနာ၊ စားဝတ်နေရေး အကျပ်အတည်းတွေ ပြောကြပါတယ်။

ဖွေ့ထိုင်းပါတီကိုယ်စားလှယ်က အထက်ပါပြဿနာတွေဖြေရှင်းဖို့ သူတို့ပါတီမူဝါဒထဲမှာ အကုန်အကျုံးဝင်ကြောင်း၊ အဓိကမှာ ပြည်သူတစ်ဦးချင်းစီရဲ့ စီးပွားရေးမြှင့်တင်ဖို့ ဖြစ်တယ်၊ နေ့တွက်လုပ်အားခ ဘတ် ၆၀၀ အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပါဝင်တယ်လို့ ပြောပါတယ်။ 

ကောက်ကလိုင်ပါတီကတော့ ပြည်သူတွေက အစိုးရပေါ်တင်နေတဲ့ အကြွေးတွေကို ဖြေလျော့တဲ့နည်းထက် အကြွေးမတင်တဲ့နည်းလမ်းကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် စက်မှုစီးပွားရေးဇုန်တွေ တည်ဆောက်ပြီး လမ်းပန်းဆက်သွယ်ရေးမှာ လျှပ်စစ်အမြန်ရထား တည်ဆောက်ရင် ခရီးစရိတ်သက်သာသလို ဆိုင်ကယ်တွေ၊ ကားတွေ အရစ်ကျဝယ်ရတဲ့ အကြွေးပြဿနာ ပြေလည်သွားမယ်လို့ ပြောပါတယ်။ 

ဖရန်းပချားရတ်ပါတီကလည်း သူတို့ပါတီအစိုးရလက်ထက်ကတည်းက မပြီးပြတ်သေးတဲ့ စီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ရမယ်၊ အထူးသဖြင့် အဝေးပြေးလမ်းတွေ ပြီးပြတ်အောင် တည်ဆောက်ရေး၊ လျှပ်စစ်ရထားပြေးဆွဲရေး ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ထိုင်းဆန့်ထိုင်းပါတီကတော့ ပြည်သူပိုင်အဖြစ် သိမ်းထားတဲ့ မြေယာတွေပြန်ပေးဖို့၊ မိုးခေါင်ရေရှားပြဿနာအတွက် မဲခေါင်မြစ်ထဲက ရေတွေကို သိုလှောင်ထားပြီး လယ်ယာ စိုက်ပျိုးရေးအတွက် ရေလုံလောက်စွာရရှိရေး၊ စနစ်ကျတဲ့ ရေပေးဝေရေးစနစ် ဆောင်ရွက်မယ်၊ ယဉ်ကျေးမှုမြှင့်တင်ပြီး ခရီးသွားလုပ်ငန်းတိုးမြှင့်ကာ နိုင်ငံခြားဝင်ငွေရရှိရေးဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဖုမ်ကျိုင်ထိုင်းပါတီကတော့ တောင်သူလယ်သမားတွေ ချမ်းသာကြွယ်ဝဖို့ ဦးတည်ကြောင်း၊ လယ်ယာလုပ်ငန်းမှာ စပါးဈေးကို အရင်သတ်မှတ်ပြီးမှ စိုက်ပျိုးဖို့နဲ့ စပါးဈေးကျပါက အစိုးရ အနေနဲ့တောင်သူတွေ အရှုံးမပေါ်အောင် ထိုက်သင့်ဈေးနဲ့ ပြန်ဝယ်ယူရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ မြှင့်တင်ရေးကို ပြောပါတယ်။

ရုမ့်ထိုင်းဆန့်ချတ်ပါတီကတော့ တောင်သူလယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းတွေပါ တိုးချဲ့လုပ်ဆောင်ရမယ်၊ အိမ်ထောင်စု ၁ ခုချင်းစီ စီးပွားရေး ပြေလည်ရာက အိမ်ထောင်စု ၁ သန်း စီးပွားရေးပြေလည်တဲ့စနစ်ကို ဖော်ဆောင်မယ်၊ ဥပမာ တအိမ်ထောင်ကို နွားမ ၂ ကောင်မွေးက ၃ နှစ်ကို အနည်းဆုံး နွား ၆ ကောင် တိုးပွားပြီး အပိုဝင်ငွေ ဘတ် ၃ သိန်းရနိုင်တယ်လို့ ပြောပါတယ်။ 

ပါတီတိုင်းမှာ ပါတီမူဝါဒ ၁၀ ချက်ခန့်ရှိပြီး နိုင်ငံရေး၊ လူမှုစီးပွားရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ အလုပ်သမားရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှိမ်နင်းရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ လူမှုဖူလှုံရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စသဖြင့် အဘက်ဘက်မှ ပြုပြင်ပြောင်းလဲတိုးတက်ဖို့ မက်လုံးပေးကာ ဒေသအသီးသီး နယ်မြေအသီးသီးမှာ ကွင်းဆင်းပြီး မဲဆွယ်နေကြပါတယ်။

ထိုင်းနိုင်ငံတဝန်းက မဲဆန္ဒရှင်ပြည်သူတွေဟာ လွှတ်တော်အမတ်နေရာ ၄၀၀ ကျော်အတွက် မဲပေးရွေးချယ်ကြမှာဖြစ်ပြီး ရွေးကောက်ပွဲဝင်ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းမှုတွေကိုတော့ မနက်ဖန် ဧပြီလ ၇ ရက် ညနေ ၄ နာရီထိ လက်ခံမယ်လို့ သိရပါတယ်။ 

ကိုးကား- Siamrath

Up