တရုတ်တနိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားဟု မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားနိုင်ငံဟာ တင်းမာမှုတွေကိုတားဆီးဖို့ ကူညီပေးခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ ကြားနေရပ်တည်ချက်ကို ထောက်ခံကြောင်းနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားကြောင်း မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါအီဘရာဟင်မ်က တရုတ်အစိုးရ မီဒီယာ CCTV နဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
အာဆီယံအဖွဲ့ဝင်တွေဟာ ဒေသတွင်း စစ်ရေးပြိုင်ဆိုင်မှုအတွက် အခြေစိုက်စခန်းဖြစ်လာမှာကို တားဆီးဖို့ လုပ်ဆောင်နေပြီး ဩစတြေးလျကို နျူကလီးယား ရေငုပ်သင်္ဘောအုပ်စုကို ဝယ်ယူဖို့ ခွင့်ပြုတဲ့ “AUKUS” (Australia-UK-U.S.) သဘောတူညီချက်ကိုလည်း စိုးရိမ်နေတယ်လို့ အန်ဝါကဆိုပါတယ်။
AUKUS ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဟာ ဒေသတွင်း စစ်ရေးတင်းမာမှုတွေကို ပိုဆိုးရွားလာစေပြီး တခြားနိုင်ငံတွေက ရန်စတယ်လို့ ယူဆနိုင်တာကြောင့် မလေးရှားဟာ AUKUS ကို အပြင်းအထန် ဆန့်ကျင်ကြောင်း အန်ဝါက ပြောပါတယ်။
“အာဆီယံဖွဲ့စည်းပုံကာလက လွတ်လပ်ရေး လိုအပ်တယ်။ ကြားနေရေး လိုအပ်တယ်။ အထူးသဖြင့် တင်းမာမှုတွေကို ရှောင်ရှားဖို့ စစ်အေးခေတ်ကာလမှာ အလေးပေးရမယ်” လို့ အန်ဝါက ပြောပါတယ်။
မလေးရှားဟာ တရုတ်တပြည်တည်း မူဝါဒကို အလေးထားကြောင်းနဲ့ နိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို မေးခွန်းထုတ်ခြင်း မပြုသင့်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် က စီစီတီဗီနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားသွားပါတယ်။