close

ယီမင်ပဋိပက္ခနှင့်ဆက်နွှယ်သည့် အကျဉ်းသား ၉၀၀ နီးပါးကို စတင်လွှဲပြောင်း

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဟာ ယီမင်ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ အကျဉ်းသား ၉၀၀ နီးပါးကို လွှဲပြောင်းပေးဖို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းကို ဧပြီ ၁၄ ရက်မှာ စတင်ခဲ့လိုက်ပါတယ်။

လူပေါင်း ၁၂၅ ဦး တင်ဆောင်လာတဲ့ ပထမဆုံး အကျဉ်းသားလဲလှယ်ရေး လေယာဉ်ဟာ ဧပြီ ၁၄ ရက် သောကြာနေ့မှာ ဟူသီတို့ ထိန်းချုပ်ထားတဲ့ မြို့တော်ဆာနာကို ဆင်းသက်လာသလို တပြိုင်နက်တည်းမှာပဲ လူ ၃၅ ဦးကို တင်ဆောင်လာတဲ့ ဒုတိယမြောက် လေကြောင်းခရီးစဉ်က အစိုးရမြို့ဖြစ်တဲ့ အေဒင်မြို့ကိုဆင်းသက်ခဲ့တာပါ။

ယီမင်ပဋိပက္ခမှာ နှစ်ဖက် အထိန်းသိမ်းခံထားရသူ ၉၀၀ နီးပါးကို လွှတ်ပေးခြင်းနဲ့ လဲလှယ်ခြင်းတို့ကို သောကြာနေ့မှာ စတင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ပြောကြားခဲ့ပါတယ်။

လုပ်ငန်းစဉ်ကို စီမံခန့်ခွဲနေတဲ့ ICRC က လာမယ့်ရက်တွေအတွင်း ယီမင်နဲ့ဆော်ဒီအာရေဗျရှိ မြို့ ၆ မြို့ကြားမှာ လွတ်မြောက်လာသူတွေကို သယ်ဆောင်ဖို့ သူ့ရဲ့လေယာဉ်တွေကို အသုံးပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဆွစ်ဇာလန်က ဆွေးနွေးပွဲတွေမှာ စစ်မက်ဖြစ်ပွားနေတဲ့ ပါတီတွေဟာ ထိန်းသိမ်းခံထားရသူ ၈၈၇ ဦးကို လွှတ်ပေးဖို့ နဲ့ နောက်ထပ်လွှတ်ပေးဖို့အတွက် မေလမှာ ထပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ သဘောတူညီခဲ့ကြပါတယ်။

ရီယာ့ဒ်နဲ့ တီဟီရန်တို့ဟာ ပြတ်တောက်သွားခဲ့တဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ အရင်လက သဘောတူညီခဲ့ကြပြီး ယီမင်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုးတက်မှု ရှိလာမယ်လို့ မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။

ဆော်ဒီကိုယ်စားလှယ်အဖွဲ့ဟာ ကြာသပတေးနေ့က မြို့တော်ဆာနားမှာ ဟူသီအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီး တာဝန်ရှိသူတွေက တိုးတက်မှုရှိကြောင်း ထောက်ပြထားပါတယ်။ ကျန်ရှိနေတဲ့ ကွဲလွဲချက်တွေကို ဖယ်ရှားဖို့အတွက် နောက်ထပ် ဆွေးနွေးမှုတွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Up