၁ လုံးကို ဘတ်ငွေ ၁၀၀,၀၀၀ တန် ထိုင်းနိုင်ငံက ဖင်အုန်းသီး

စိုက်ပျိုးဖြစ်ထွန်းဖို့ ခက်ခဲလွန်းတဲ့ Coco de Mer အုန်းပင်ကို ထိုင်းနိုင်ငံမှာ အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ခဲ့ပြီး အခုနှစ် ဇန်နဝါရီ ၇ ရက်ကစပြီး ထိုင်းနိုင်ငံ၊ ချွန်ဘူရီစီရင်စုမှာရှိတဲ့ Nong Nuch လို့ခေါ်တဲ့ အပူပိုင်းသစ်သီးဥယျာဉ်ခြံမှာ အသီးတွေပါသီးနေတဲ့ ဒီအုန်းပင်ကို တွေ့ရပါပြီ။
ဒီအုန်းသီးရဲ့ ကာလတန်ကြေးအနေနဲ့ လက်ရှိမှာ တလုံးကို ထိုင်းဘတ်ငွေ ၁ သိန်း (မြန်မာငွေ ကျပ်သိန်း ၈၀ ဝန်းကျင်) တန်ဖိုးရှိပြီး ပုံပန်းသဏ္ဌာန်ထူးခြားမှုအရ ဖင်အုန်းသီးလို့ ရေပန်းစား လူသိများနေတာပဲ ဖြစ်ပါတယ်။
ဒီအပင်မျိုးစိတ်ရဲ့ မူရင်းပေါက်ရောက်ရာဒေသကတော့ ကျွန်းပေါင်း ၁၁၅ ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အရှေ့အာဖရိက ကျွန်းစုနိုင်ငံတခုဖြစ်တဲ့ ဆေးရှဲနိုင်ငံရဲ့ တောင် Praslin နဲ့ Curieuse လို့ခေါ်တဲ့ ကျွန်း ၂ ကျွန်းကဖြစ်ပြီး သဘာဝအလျောက်ပေါက်တဲ့ Coco de Mer ဆိုတဲ့ အုန်းသီးနဲ့ ပုံသဏ္ဌာန်ချင်းတူတဲ့ အခွံမာသီးပင်တမျိုး ဖြစ်ပါတယ်။
Coco de Mer ဆိုတာ ပြင်သစ်စကားလုံးဖြစ်ပြီးတော့ ပင်လယ်အုန်းသီး၊ တားမြစ်ထားတဲ့အသီး၊ အချစ်အုန်းသီး၊ နှစ်ထပ်အုန်းသီး နောက်ပြီး ထူးခြားတဲ့ပုံသဏ္ဌာန်အရ ဖင်အုန်းသီးဆိုပြီး လူသိများပါတယ်။
ဒီအသီးရဲ့ အတွင်းပိုင်းအဆန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အလေးချိန်အစီးဆုံး အစေ့အဆန် ဖြစ်ပြီး အုန်းဆံရဲ့ လုံးပတ်က ၄၀-၅၀ စင်တီမီတာအထိ တွေ့ရနိုင်ပြီး အလေးချိန်ကတော့ ၁၅ ပိသာခန့်အထိ လေးလံပါတယ်။
အရသာက ထူးခြားတဲ့ ချိုမြမှုနဲ့ နူးညံ့မှုရှိတာကြောင့် အုန်းနို့ဂျယ်လီလို အရသာထူးတယ်လို့ ဆိုကြပါတယ်။ ဆေးရှဲနိုင်ငံရဲ့ နိုင်ငံတော်သစ်သီးအဖြစ် သတ်မှတ်ခံထားရပြီး ငွေကြေးနဲ့ ရောင်းဝယ်ဖောက်ကားတာထက် ချစ်ကြည်ရေးအတွက် လက်ဆောင်ပေးဖို့ အများဆုံး အသုံးပြုကြတာပါ။
Coco de Mer အစေ့ကို စိုက်ပျိုးဖြစ်ထွန်းဖို့ဆိုရင် အနည်းဆုံး အချိန် ၂ နှစ် လိုအပ်ပြီး ပျိုးပင်ကနေ အရွယ်ရောက်အပင်တပင် ဖြစ်လာဖို့ကလည်း အနည်းဆုံး အချိန် ၇ နှစ် လိုအပ်ပါတယ်။
ဒါ့အပြင် အစေ့ကနေ အပင်ပေါက်ဖို့ ပြုစုပျိုးထောင်ရတာကလည်း လိုအပ်ချက်များပြီး နေရာဒေသတိုင်းမှာ ရှင်သန်ပေါက်ရောက်ဖို့က ခက်ခဲလွန်းတာပါ။
နောက်ပြီး ဒီအပင်တွေဟာ ဆေးရှဲနိုင်ငံမှာတောင် အပင်ရေ ၇,၀၀၀ ဝန်းကျင်ခန့်ပဲ ကျန်ရှိတော့လို့ ထိန်းသိမ်းဖို့လိုအပ်နေတဲ့ မျိုးသုဥ်းပျောက်ကွယ်ဖို့ အန္တရာယ် ရင်ဆိုင်နေရတဲ့ အပင်မျိုးစိတ်ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (IUCN) က သတ်မှတ်ပြီးတင်းကျပ်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
ဒါကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ ဒီအုန်းသီးကို ရောင်းချခွင့်လိုင်စင်ကလည်း အနည်းငယ်သာချထားပေးပြီးတော့ စျေးနှုန်းအနေနဲ့လည်း ကြီးမြင့်နေတာပဲ ဖြစ်ပါတယ်။
ဒီအသီးဟာ တန်ဖိုးကြီး ရှားပါးပြီး ရောဂါတွေကိုကုသဖို့ တိုင်းရင်းဆေးတွေမှာလည်း အသုံးပြုနိုင်တယ်လို့ Nong Nuch ရုက္ခဗေဒဥယျာဉ်ခြံရဲ့ ဒါရိုက်တာတဦးက ဆိုပါတယ်။
စိုက်ဖို့ခက်ခဲလွန်းတဲ့ Coco de Mer အသီးကို ထိုင်းနိုင်ငံမှာ အောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့တာဖြစ်ပြီး အခုနှစ် ဇန်နဝါရီ ၇ ရက်ကစပြီး ထိုင်းနိုင်ငံ၊ ချွန်ဘူရီစီရင်စုမှာရှိတဲ့ Nong Nuch လို့ခေါ်တဲ့ အပူပိုင်းသစ်သီးဥယျာဉ်ခြံထဲမှာ အသီးသီးနေတဲ့ အပင်ကိုပါ တွေ့မြင်နိုင်ပါတယ်။