မုန်တိုင်းမိ အင်ဒိုနီးရှားငါးဖမ်းသမား ၁၁ ဦးကို သြစတြေးလျ ကယ်တင်

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း အီးလ်ဆာရဲ့ဒဏ်ကို ငါးဖမ်းသင်္ဘောနှစ်စင်း ခံရပြီးတဲ့နောက် သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းက ဝေးလံခေါင်သီတဲ့ ကျွန်းတခုမှာ အင်ဒိုနီးရှား ငါးဖမ်းသမား ၁၁ ဦးကို ဧပြီ ၁၇ ရက်က ကယ်တင်နိုင်ခဲ့ပါတယ်။
သြစတြေးလျ အနောက်ပိုင်းပြည်နယ် ဘရွန်းမ်မြို့ အနောက်ဘက် ၃၁၃ ကီလိုမီတာ အကွာက ဘဒ်ဝဲလ်ကျွန်းပေါ်ကနေ ရေလုပ်သားတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဉ်ကို လမ်းကြောင်း ပြောင်းပေးခဲ့တယ်လို့ သြစတြေးလျ ပင်လယ်ရေကြောင်းဘေးကင်းရေး အာဏာပိုင်အဖွဲ့ (AMSA) က သတင်းထုတ်ပြန်ပါတယ်။ သူတို့ဟာ အစာနဲ့ ရေမရှိဘဲ ခြောက်ရက်ကြာ သောင်တင်နေခဲ့တာပါ။
“သင်္ဘောသား ၉ ဦးပါတဲ့ ဒုတိယသင်္ဘောဟာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေမှာ နစ်မြုပ်သွားခဲ့ပြီး ကျန်တဦးကတော့ ရေထဲမှာ နာရီ ၃၀ ကြာ နေခဲ့ရတာပါ။ ဘဒ်ဝဲလ်ကျွန်းမှာ ကမ်းပေါ်တက်ခဲ့ပြီး သူတို့အားလုံး အစာရေစာနဲ့ ရေမပါဘဲ ခြောက်ရက်ကြာအောင် နေရအပြီးမှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်” လို့ AMSA က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပင်လယ်ထဲက ကယ်တင်လာတဲ့ ငါးဖမ်းသမားတွေကို ကုန်းမကြီးဆီ ခေါ်ဆောင်သွားပြီး ဆေးကုသပေးခဲ့ပါတယ်။