close

စစ်အာဏာသိမ်းအပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းခွဲခန့်ရှိလာဟု ကုလထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒသမ ၈ သန်း ကျော်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

အဲဒီထဲကမှ လူဦးရေ ၁ သန်းခွဲလောက်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြ ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကြိမ်ဖန်များစွာလေကြောင်းတိုက်ခိုက်မှုတွေပါဝင်တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ ပြည်နယ်နဲ့တိုင်း‌ဒေသကြီးအများအပြားမှာ၊ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်၊ အရှေ့တောင်ဘက်နဲ့ ကချင်ပြည်နယ်မှာ အစီရင်ခံနေစဥ်ကာလအတွင်း ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအတွင်း ကောင်းမွန်ခြင်းမရှိသေးတဲ့ လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေတွေကို ဆက်လက်ဆိုးရွားစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဧပြီ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

Up