သပိတ်ကျင်းတွင် ဒဏ်ရာရစစ်သားများ လိုက်ပါလာသည့် ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းမှာ ဧပြီ ၁၈ ရက်က ဒဏ်ရာရစစ်သားတွေ လိုက်ပါလာတဲ့ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းပကဖကနေ သိရပါတယ်။
တကောင်းတိုက်နယ်အတွင်းမှာ ဧပြီ ၁၃ ရက်ကစပြီး ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဒဏ်ရာပြင်းထန်သူတွေကို ၇ မိုင်စစ်ဆေးရုံ ပို့ဆောင်ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တကောင်းပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“လာမှာ သတင်းကြိုရတာပါ။ ကုမ္ပဏီကားနှစ်စီးကို ချောဆွဲပြီး လာတာ။ ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲခဲ့တာပါ။”
ကားနှစ်စီးမှာ စစ်ကောင်စီတပ်သားတွေက အဖုံးဖွင့် လိုက်ပါစီးနင်းခဲ့တာကြောင့် မိုင်းဆွဲခံရချိန်မှာ အတွင်းပိုင်းထိ ထိမှန်ခဲ့ပြီး ၁၀ ယောက် သေဆုံးခဲ့ကာ ခြေပြတ်လက်ပြတ်တွေ ဖြစ်ကြောင်း သိခဲ့ရတယ်လို့ ပြောပါတယ်။
တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းအသုံးပြု ပစ်ခတ်တာကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်က ပြည်သူ ၄,၀၀၀ ကျော် တိမ်းရှောင်နေရပါတယ်။