တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် လဲချားစစ်ရှောင်များ နေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ်၊ လဲချားမြို့နယ်ရှိ စစ်ဘေးရှောင်ကျေးရွာက ပြည်သူတွေဟာ စိုက်ပျိုးရေးရာသီ ရောက်တော့မှာဖြစ်တဲ့အတွက် နေရပ်ပြန်ချင်ပေမဲ့ တိုက်ပွဲတွေကြောင့် ပြန်မရဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဧပြီ ၁၁ ရက်က စတင်ပြီး လဲချားမြိုနယ်အတွင်း ရှမ်းလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ( SSPP/SSA)တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀ ကျော်ဟာ လဲချား မြိုပေါ်မှာရှိ တဲ့ဟော်ခမ်းကျောင်းတိုက်၊ ဝါဆိုကျောင်းတိုက်နဲ့ ဆလိုင်းခုမ်ကျောင်းတိုက်တွေအပြင် နီးစပ်ရာဆွေမျိုးတွေဆီမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရတာလို့ ပြောပါတယ်။
အခုရာသီဟာ ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် စိုက်ပျိုးရာသီဖြစ်တာကြောင့် စိုက်ပျိုးရေးလုပ်ကိုင်ဖို့အတွက် နေရပ်ပြန်ချင်နေကြတယ်လို စစ်ဘေးရှောင်အရေးကူညီပေးနေသူ တဦးက ပြောပါတယ်။
"တကယ်လို တိုက်ပွဲက ဆက်ဖြစ်နေမယ်ဆိုရင်တော့ စစ်ရှောင်ထွက်ပြေးတဲ့ သူတွေအတွက် ခက်ခဲမှာတော့ အမှန်ပဲ။ အခုချိန်ကလည်း စိုက်ပျိုးရာသီဖြစ်နေတော့ လုပ်ကိုင်စားသောက်ဖို့ အတွက် ပြင်ဆင်ရတော့မှာ။ အခုမှ မလုပ်ထားရင်လည်း နောက်နှစ်အတွက် စားဖိုသောက်ဖို့က ခက်ခဲကြမှာလေ။ ဒါပေမဲ့ အခုချိန်ထိလည်း လက်နက်ကိုင်တွေ ရွာနားကနေ မဆုတ်သေးတော့ အိမ်မပြန်ရဲကြသေးဘူး။”
နှစ်ဖက်တိုက်ပွဲတွေကြောင့် လဲချားမြိုနယ်က ပန်ဆန်း၊ ဟဲဆိုင်၊ နောင်ကော်၊ ဝမ်ဆန်း နဲ့ ဝမ်စဲ့ကျေးရွာအုပ်စုအတွင်း ကျေးရွာက ဒေသခံပြည်သူ ၅၀၀ ကျော်နဲ့အတူ နွေရာသီ ရှမ်းစာသင်ကျောင်းက သင်တန်းသား ကျောင်းသားကျောင်းသူ ၄၀၀ ကျော်ပါ စစ်ရှောင် ထွက်ပြေးနေရတယ်လို စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။
ဧပြီ ၁၁ ရက်ကစပြီး ဧပြီ ၂၉ ရက်အထိ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေသလို လတ်တလောမှာလည်း လဲချားမြို့အရှေ့ဘက် နားပွဲကျေးရွာအုပ်စုအတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပစ်ခတ်သံတွေ ကြားနေရတယ်လို ဒေသခံတွေဆီက သိရပါတယ်။