close

အိုင်အက်စ်အဖွဲ့ခေါင်းဆောင်ကို တူရကီထောက်လှမ်းရေးက သတ်ဖြတ်

ဆီးရီးယားနိုင်ငံထဲက  အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူဟူစိန် အယ်လ်ကူရေးရှီးကို တူရကီထောက်လှမ်းရေး တပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တာလို့ တူရကီသမ္မတ တေယစ်အာဒိုဂံက ဧပြီ ၃၀ ရက်မှာ အတည်ပြုပြောပါတယ်။

“ဒီလူကို ဆီးရီးယားမှာ တူရကီ အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းက မနေ့က စစ်ဆင်ရေးရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ ရှင်းလင်းခဲ့တာ”လို့ အာဒိုဂန်က TRT ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ထောက်လှမ်းရေးအဖွဲ့ဟာ ကူရားရှီးကို အချိန်အတော်ကြာအောင် လိုက်ရှာခဲ့တယ်လို့လည်း အာဒိုဂန်က ပြောပါတယ်။

စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဂျန်ဒါရစ်မြို့ဟာ တူရကီ ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီးရီးယားမြောက်ပိုင်းမှာရှိပြီး ဖေဖော်ဝါရီ ၆ ရက် နောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့ရဲ့ အဆိုးရွားဆုံး ငလျင်လှုပ်ခဲ့တဲ့နေရာလို့ ဆီးရီးယား ပြည်တွင်းနဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

အဲဒီဒေသမှာ လုံခြုံရေးတပ်စွဲထားတဲ့ အတိုက်အခံအဖွဲ့ဖြစ်တဲ့ ဆီးရီးယား အမျိုးသားတပ်မတော်က မှတ်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပါဘူး။ 

နောက်ပိုင်းအဲ့ဒီနေရာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဝိုင်းရံထားပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ မချဉ်းကပ်စေဖို့ တားဆီးထားပါတယ်။

ဆီးရီးယားတောင်ပိုင်းက စစ်ဆင်ရေးတစ်ခုမှာ အရင် အိုင်အက်စ်ခေါင်းဆောင် သေဆုံးပြီးနောက် အိုက်အက်စ်တွေက အယ်လ်ကူရာရှီကို သူတို့ ခေါင်းဆောင်အဖြစ် ၂၀၂၂  ခုနှစ် နိုဝင်ဘာလမှာ ရွေးချယ်ခဲ့ပါတယ်။

အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံ အနှံ့အပြားကို သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်က သူတို့ရဲ့ ခေါင်းဆောင် အဘူဘက်ခါ အယ်လ်ဘက်ဂါဒါဒီက သန်းနဲ့ချီတဲ့ လူဦးရေရှိရာ နယ်မြေတွေအနှံ့ကို ဘာသာရေးဆရာ အုပ်ချုပ်တဲ့ အစ္စလာမ္မစ်ကလီဖိတ်အဖြစ် ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန် ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေ၊ အီရန်၊ ရုရှားနဲ့ အရံတပ်ဖွဲ့အများအပြား ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ အပြီးမှာ IS တွေရဲ့ နယ်မြေတွေကို ဆုံးရှုံးခဲ့ပါတယ်။

လက်ကျန်ထောင်နဲ့ချီတဲ့ စစ်သွေးကြွတွေဟာ မကြာသေးမီနှစ်တွေအတွင်း အများစုမှာ နှစ်နိုင်ငံလုံးရဲ့ ဝေးလံခေါင်သီတဲ့ ကုန်းတွင်းပိုင်းတွေမှာ ပုန်းအောင်းနေကြပေမယ့် သူတို့ဟာ တိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်ဆောင်နိုင်စွမ်းရှိနေဆဲပါ။

Up