အစ္စရေး၌ အဝေးပြေးလမ်းကို ပိတ်ဆို့ဆန္ဒပြသူများ ဖမ်းဆီးခံရ

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဖို့ကြိုးပမ်းခဲ့တဲ့ အပတ်စဉ် ဆန္ဒပြမှုအတွင်း ဧပြီ ၂၉ ရက်မှာ ရဲတပ်ဖွဲ့က လူစုခွဲခဲ့တဲ့အပြင် လူတချို့ကိုပါ ဖမ်းဆီးခဲ့ပါတယ်။
ဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုရဲ့ အမျိုးသားရေး-ဘာသာရေးဆိုင်ရာ အစိုးရအဖွဲ့က တရားစီရင်ရေးကဏ္ဍအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေနဲ့အတူ ဖိအားပေးနိုင်မယ့် အစီအစဉ်ကို သောင်းနဲ့ ချီတဲ့ အစ္စရေးနိုင်ငံသားတွေက အခုလို ဆန့်ကျင်ခဲ့ကြတာပါ။
အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ ဒီမိုကရေစီစနစ်အပေါ် ခြိမ်းခြောက်မှု တရပ်ပဲလို့လည်း ရှုမြင်ထားကြတာကြောင့် ဒီလို ဆန့်ကျင်ဆန္ဒပြမှု အပြီးမှာတင် ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။
ဆန္ဒပြသူတွေဟာ တဲလ်အဗစ်မြို့ရှိ အဓိက အဝေးပြေးလမ်းမကြီးတစ်ခုကို ချီတက်ခဲ့ကြတာဖြစ်ပြီး ဒီလမ်းမကြီးကို အချိန်ခဏတာပိတ်ဆို့ လိုက်တဲ့အပေါ်မှာ အစ္စရေးရဲတပ်ဖွဲ့ ကလည်း လူစုခွဲခဲ့ပါတယ်။
တက်ကြွလှုပ်ရှားတဲ့ တရားသူကြီးတွေဟာ ပါလီမန်လွှတ်တော်နယ်ပယ်နဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ကဏ္ဍတွေမှာ ရန်လိုမှုတွေနဲ့အတူ ၀င်ရောက်စွက်ဖက်လာတာကြောင့် ဒါကို ထိန်းချုပ်နိုင်ဖို့ အပြောင်းအလဲတွေ လိုအပ်တယ်လို့ အစိုးရအပါအဝင် အစိုးရအပေါ် ထောက်ခံသူတွေ ဘက်က တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့ တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အပေါ် နောက်ထပ် တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ပြီးခဲ့တဲ့လက ခေတ္တရပ်ဆိုင်းထားဖို့ သဘောတူညီခဲ့ကြပါတယ်။
အစ္စရေးတရားရုံးချုပ်ရဲ့ ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်ခွင့်ပြုမှာလား ဒါမှမဟုတ် နိုင်ငံတော် အုပ်ချုပ်ရေးကဏ္ဍကို တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ဆက်လက်ထိန်းကြောင်း သွားမှာလား ဆိုတာကတော့ အစ္စရေးနိုင်ငံသားတွေအတွက် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။