close

မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် ဗိုလ်မှူးနှင့် ဗိုလ်ကြီး ၁၉ ဦးကို မန်နေဂျာအဖြစ် ခန့်အပ်

မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်မှာ ပြီးခဲ့တဲ့လက စတင်ကာ စစ်ကောင်စီတပ်က ဗိုလ်မှူး ၅ ယောက်နဲ့ ဗိုလ်ကြီး ၁၄ ယောက်ကို စတင်အစားထိုးခန့်အပ်ခဲ့တယ်လို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီတပ်မှ အရာရှိတွေကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ အစားထိုးခန့်ဖို့ ညွန်ကြားခဲ့ပြီးနောက် မြန်မာ့စီပွားရေးဘဏ်မှာ ခန့်ထားခဲ့တာလို့  မြန်မာ့စီးပွားရေးဘဏ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ရုံးချုပ်မှာ မတ်လကတည်းက ခန့်တာ။ လုပ်ငန်းခွင်တောင် ဝင်နေကြပြီ။ မန်နေဂျာနဲ့ လက်ထောက် မန်နေဂျာ ၁၉ ယောက်ပါ။”

မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ် စီမံခန့်ခွဲမှုဌာနမှာ ဗိုလ်မှူးထွန်းလွင်အောင်၊ ဗိုလ်မှူးရဲမင်းအောင်၊ ဗိုလ်မှူးထွေးမင်းဝင်း၊ ဗိုလ်မှူး ဆန်းလင်းနိုင်နဲ့ ဗိုလ်မှူးမင်းသိန်းတို့ကို မတ် ၁၅ ရက်က စတင်ကာ မန်နေဂျာရာထူးနဲ့ အရပ်ဘက်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးကလည်း အတည်ပြု ပြောပါတယ်။

“နောက်ထပ် အရပ်ဘက်ကို ပြောင်းမယ့် အရာရှိတွေ အရာရှိကြီးတွေ အများကြီး အခုတောင် ငါးဆယ်လောက် ရှိတယ်”လို့ ပြောပါတယ်။

အလားတူ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ် စီမံခန့်ခွဲမှုဌာနမှာ ဗိုလ်ကြီးပြည့်ဖြိုးပိုင်၊ ဗိုလ်ကြီးကျော်ထက်အောင်၊ ဗိုလ်ကြီးကြည်ပိုင်စိုး အပါအဝင် ၁၄ ယောက်ကိုလည်း  လက်ထောက်မန်နေဂျာ ရာထူးပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့စီးပွားရေးဘဏ်ကို ပစ်ခတ်တိုက်ခိုက်မှုတွေ ဝင်ရောက်စီးနင်းမှုတွေရှိတဲ့အတွက် စစ်ကောင်စီတပ်က လူတွေကို ခန့်ထားတာဖြစ်နိုင်တယ်လို့  သုံးသပ်သူတွေလည်း ရှိပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဘဏ်မှာသာမက တခြား ဌာနဆိုင်ရာတွေမှာ စစ်တပ်က အရာရှိတွေကို အစားထိုးခန့်အပ်နေတာ ဖြစ်ပါတယ်။

Up